အမေရိကန်နဲ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တွေဟာ ထိုင်းနိုုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် နိုင်ငံတကာ လုံခြုံရေး ဆွေးနွေးပွဲတခုကို တက်ရောက်စဉ် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး Bangkok Post သတင်းကဆိုပါတယ်။
အာရှနှင့် ပစ္စိဖိတ်ဒေသ လုံခြုံရေးအတွက် ဆွေးနွေးပွဲတခု ချင်းမိုုင်မြို့မှာ ကြာသာပတေးနေ့နှင့် သောကြာနေ့များတွင် ကျင်းပသွားဖို့ရှိရာ အဲဒီအစည်းအဝေး ပြင်ပမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးဖို့ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်အဖွဲ့ကို မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ဂျိုးဆက်ယွန်း ဦးဆောင်မှာဖြစ်ပြီး၊ မြောက်ကိုရီးယား ဘက်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေး အဖွဲ့မှ ဒုတိယအကြီးအကဲ ချိုးဂျင် အပါအဝင် ၄ဦး တက်မယ်လို့ သိရပါတယ်။
မကြာသေးမီက ကုလသမဂ္ဂ၏ နိုင်ငံရေးဌာန အကြီးအကဲ ဂျက်ဖ်ရီ ဖဲ့လ်မန်း မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ဒုသမ္မတ ပတ်မြောင်ဂွတ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟို၊ တခြားသော အရာရှိများကို တွေ့ဆုံခဲ့ရာ စစ်ပွဲကို တားဆီးရန်မှာ အရေးကြီးဆုံးဖြစ်တယ်လို့ မြောက်ကိုရီးယား ပြောဆိုကြောင်း ကုလသမဂ္ဂ၏ နိုင်ငံရေးဌာန အကြီးအကဲ က ပြောဆိုပါတယ်။