အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြှောင်ဒေသမှ အစ္စရေးပိုင်နက်ထဲကို ပစ်ခတ်တဲ့ ဒုံးပျံ ၂စင်းကို ကြားဖြတ် မနေ့ညနေက တားဆီးနိုင်လိုက်ကြောင်း အစ္စရေး စစ်ဘက်က ဆိုပါတယ်။
အဆိုပါ ဒုံးပျံ ၂စင်း မှာ Sderot မြို့ကို ဦးတည်ပစ်ခတ်ခြင်းဖြစ်ရာ အစ္စရေးစစ်တပ်က လေကြောင်း ရန် ကာကွယ်ရေးစနစ် ဖြစ်သည့် ရွှေ့ပြောင်းနိုင်သည့် Iron Dome ဒုံးပျံများဖြင့် ပြန်လည်ပစ်ကာ ကြားဖြတ် တားဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဒုံးပျံပစ်လွှတ်သည်ကို သိပြီးနောက် တောင်ပိုင်းဒေသတွေမှာ အချက်ပေး ဥသြသံ ထုတ်လွှင်ခဲ့တယ်လို့ မီဒီယာကတွေ ဖော်ပြပါတယ်။
ဒုံးပျံများကို ဟန့်တားပြီးတဲ့နောက်မှာ အစ္စရေး လေတပ်က ဂါဇာတောင်ပိုင်းက ဟားမတ်စ် အစ္စလာမ် စစ်သွေးကြွတွေရဲ့ တန်းလျားတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ နောက်မှာ ပါလက်စတိုင်းတွေသာမက ကမ္ဘာတလွှား မွတ်စလင် တိုင်းပြည်တချို့မှာ အမေရိကန်နဲ့ အစ္စရေး ဆန့်ကျင်ရေးတွေ ပြုလုပ်ခဲ့သလို၊ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်ကလည်း တော်လှန်ရေးဆင်နွဲဖို့ ဆော်သြခဲ့ပါတယ်။
အဲဒီနောက် ဂါဇာကမ်းမြှောင်နဲ့ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းမှာ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွား လာခဲ့တာဖြစ်ပါတယ်။
မနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့မှာ ကျင်းပတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါရှိတဲ့ အစ္စလာမ်မစ် နိုင်ငံများ အစည်းအဝေးမှာ အမေရိကန်ဆုံးဖြတ်ချက်ကို တန်ပြန်တဲ့အနေနဲ့ အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်း မြို့တော်အဖြစ် သတ်မှတ် အသိအမှတ်ပြုခဲ့ပါတယ်။