တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့၏ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးအတွက် ပြင်ဆင်သည့် ၅ ရက်တာ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ဒီဇင်ဘာ ၁၄ မှ ၁၈ ရက် အထိ ကျင်းပမည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးညီလာခံ၌ အဓိက ဆွေးနွေးနေသော ခေါင်းစဉ်ကြီး ၅ ရပ်တွင် ပါဝင်ဆွေးနွေး နေသော ကဏ္ဍအလိုက် လုပ်ငန်းကော်မတီဝင်များနှင့် အပစ်ရပ် ၈ ဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့က ကြိုတင်ညှိနှိုင်း တိုင်ပင်ကြခြင်း ဖြစ်သည်။
“အခုလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ အချိန်လုံလောက်မှု၊ အကျေအလည်ဆွေးနွေးမှု၊ အပြန်အလှန်လေးစားမှုကို အခြေပြုတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မှန်ကန်ပြီး တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေကို ပြင်ဆင်ရမယ့်အပိုင်းမှာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် စနစ်ကို ဖော်ညွှန်းတဲ့ အခြေခံမူတွေကို တင်ပြကြဖို့၊ လက်တွေ့ကာလနဲ့ အနာဂတ်မှာလည်း ပြုပြင်ဖို့ လိုအပ်နေတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မြန်မာနိုုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဖော်ဆောင်ထားသော နိုုင်ငံရေးဆွေးနွေးပွဲများမှ ဖန်တီးတည်ဆောက်ရမည် ဖြစ်သည့်အတွက် အနှစ်သာရရှိပြီး အောင်မြင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် အားလုံး ဝိုုင်းဝန်းကြိုးပမ်းကြရန်၊ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း စဉ်ဆက်မပြတ် ပြင်ဆင်မှုများသာမက ဆွေးနွေးညှိနှိုင်းမှုဆိုုင်ရာ နည်းပညာ အတတ်ပညာများ သင်ယူလေ့လာကြရန် ၎င်း၏ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပေးဆပ်မှု၊ စွန့်လွှတ်မှုများဖြင့် နှစ်ပေါင်း ၆၀ ကျော် ကြိုးစားခဲ့ကြရသည့်အတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အခွင့်အရေးကိုု ပြီးစလွယ် သဘောမထားကြဘဲ၊ သေချာ ခိုင်မာတဲ့ ဆွေးနွေးချက်များနှင့် အားကောင်းသည့် ပြင်ဆင်မှုတွေကို အခြေခံပြီး ငြိမ်းချမ်းတဲ့ အနာဂတ် ရရှိရေး ဆွေးနွေးကြရန် တာဝန်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်ရှိနိုုင်ငံရေးဖြစ်ထွန်းမှုများအပေါ် မတူညီသော ရှုမြင်သုံးသပ်မှုများကြောင့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ် ထိုးသူနှင့် မထိုးသူများဟူ၍ ဖြစ်ပေါ်လာသော်လည်း “မှန်ကန်ပြီး တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းတွေနဲ့ အောင်မြင်တဲ့ ဆွေးနွေးမှု ရလဒ်တွေဟာ နောက်ထပ် NCA လက်မှတ်ရေးထိုးမယ့် အဖွဲ့အစည်းတွေထပ်မံ ပေါ်ပေါက်လာရေးကို အားပေးမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။