ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော် သို့ ရောက်ရှိနေ ကြောင်း၊ ဒါဟာ သီတင်း ၂ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း ရုရှားသတင်း ဌာန RTကဆိုပါတယ်။
ယင်း ကိုယ်စားလှယ်အဖွဲ့ကို ရုရှားအမျိုးသား ကာကွယ်ရေး ကွပ်ကဲမှု ဌာနချုပ်၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဗစ်တာ ကယ်ဂါနော့ဗ်က ဦးဆောင်ပြီး၊ ဒါဟာ အမေရိကန်က မြောက်ကိုရီးယား နဲ့ တိုက်ရိုက်စကားပြောဆိုမှု ပြုလုပ်မယ်လို့ ပြောဆိုထားချိန်မှာ ရောက်ရှိလာတာဖြစ်ပါတယ်။
“မြောက်ကိုရီးယားဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းဖြစ်ပါတယ်၊ ဒီတိုင်းပြည်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လုပ်ရပါမယ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုတာ အလွန်အမင်းလိုအပ်ပါတယ်” လို့ ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ယာဘ်ကော့ဗ်ကလည်း ဆိုပါတယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ လူထုဆက်ဆံရေးဌာန လက်ထောက်အကြီးအကဲ အလက်ဇန္ဒြား ကန်ရှင်ကတော့ ရုရှား စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်းသို့သွားရောက်ပြီး ဒေသတွင်းဖြစ်ပျက်နေတဲ့ အကျပ်အတည်းကို ပုံမှန်ပြန်ဖြစ်စေဖို့ လုပ်ဆောင်ရန် သွားရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ရက်နေ့ က မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ထဲကို တိုက်ချင်းပစ် ဒုံးပျံ ပစ်လှည်ခဲ့ပြီးနောက် အမေရိကန်က ဦးဆောင်ပြီး ကုလသမဂ္ဂ က ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု ပြုလုပ်ဖို့ လုပ်ဆောင်ခဲ့သလို၊ တောင်ကိုရီးယား နဲ့ တွဲကာ လေတပ်စစ်ရေးလေ့ကျင့်မှုကြီးကိုလည်း ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကုလသမဂ္ဂ နိုင်ငံရေး ဌာနအကြီးအကဲ ဂျက်ဖရီ ဖဲ့လ်မန်းဟာ ပြုံယမ်းသို့ သွားရောက်ပြီး ဒုသမ္မတ ပတ်မြောင်ဂွတ်၊ နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနဲ့ ပါတွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ဖြစ်မှာ တားဆီးရမယ်ဆိုတဲ့ မြောက်ကိုရီးယား ရဲ့ သဘောထားကို ရရှိခဲ့ပါတယ်။
ဒါအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တေလာဆန်ကလည်း မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဆိုလိုက်ပါတယ်။