သတင်းတို

စစ်တွေတွင် လူငယ်စာရေးဆရာ တဦး ဓားထိုးခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူငယ်စာရေးဆရာ တဦးဖြစ်သည့် ကိုကျော်လင်း ဆိုသူမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဓားထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်၊၊
ကိုကျော်လင်းသည် ၎င်းနေထိုင်ရာစစ်တွေမြို့ မင်းဂံရပ်ကွက်မှ စစ်တွေမြို့ထဲသို့ ဆိုင်ကယ် ၁ စီးဖြင့် သူ့၏ အဖော် တဦးနှင့် အတူ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာစဉ် အဝေးပြေးကားဂိတ် အလွန် ဝေသာလီ အားကစားကွင်းရှေ့ အရောက်တွင် အမည်အသိ ဆိုင်ကယ် စီးနင်းသူ ၂ ဦးမှ ဓားဖြင့် ထိုးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်၌ ကိုကျော်လင်းသည် နောက်ကျောနှင့် ညာဘက်ချိုင်းကြားအောက်ကို ဓားဖြင့် ၂ ချက်ထိုးခြင်းခံခဲ့ရပြီး လက်ရှိအချိန်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ခွဲစိတ်ကုသနေရကြောင်း သိရသည်၊၊

ကိုကျော်လင်းသည် ရခိုင်ဒေသထုတ် သတင်းဂျာနယ်အချို့နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းဌာနတို့တွင် အတွေး အမြင်ဆောင်းပါးများ ရေးသားပြီး “သေနတ်သံများနှင့် ငြိမ်းချမ်းခြင်း” ဆောင်းပါး ပေါင်းချုပ် စာအုပ်တအုပ်ကိုလည်း ထုတ်ဝေထား သူလည်း ဖြစ်သည်။

ဓားထိုးခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေအမှတ် ၁ ရဲစခန်းကတော့ ကာယကံရှင်များ လာရောက်တိုင်ကြားမှု မရှိသေးသည့် အတွက် အမှုမဖွင့်ရသေးကြောင်း၊ အမှုဖွင့်ရန်အတွက် ကိုကျော်လင်းနှင့်အတူ ဆိုင်ကယ်စီးနှင်းသူ အပါအဝင် မိသားစုဝင်များ လာရောက်တိုင်ကြားရန်ကို စောင့်မျော်နေသည်ဟုဆိုသည်။

ကိုကျော်လင်းသည် သူ့၏ လူမှုဆက်သွယ်ရေးကွန်ရက် facebook စာမျက်နှာပေါ်တွင် ရခိုင်နိုင်ငံရေးသမားများ၊ လက်နက်ကိုင် တော်လှန်ရေးသမားများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများကို ဝေဖန်ရေးသားလေ့ရှိပြီး အမြင်မတူသူအချို့နှင့် မကြာခဏ facebook ပေါ်တွင်အချေအတင် စကားများလေ့ရှိသည်။

Loading