ထိုင်းနိုင်ငံတွင် ကလေးလက်ဝှေ့သမားပေါင်း ၂သိန်းမှ ၃သိန်းအကြား ရှိနေရာ တချို့မှာ အသက် ၄နှစ်ခန့်သာရှိသေးပြီး ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်နေသည့်အတွက် ခေါင်းပိုင်းဆိုင်ရာ အနာတရဖြစ်ကာ ဦးနှောက်နှင့် ဉာဏ်ရည်ကို ထိခိုက် စေမှုကြောင့် တားဆီးပေးရန် ထိုင်းဆရာဝန်များက တိုက်တွန်းလိုက်သည်။
ယင်းသို့ နုနယ်သည့် ကလေးလက်ဝှေ့သမားများသည် ဦးခေါင်း၏ အနောက်ပိုင်းကို ထိုးနှက်သည့် ဖြောင့်လက်သီးများ၏ ဒဏ်ကြောင့် ဦးနှောက်ထိခိုက်ခြင်းကို ဆိုးရွားစွာဖြစ်စေသည်ဟု အာရုံကြောစနစ်ကို ပျက်စီးစေနိုင်ကြောင်း ရာမသီဘိုဒီ ဆေးရုံ အဆင့်မြင် ရောဂါရှာဖွေ ရေးဌာန(AIMC) မှ အကြီးအကဲ ဂျီရာပွန် လောင် သာမတစ်က ပြောသည်။
“လက်ဝှေ့ထိုးလို့ ဦးနှောက ်ဒဏ်ရာရတာဟာ ရေရှည်မှာ အာရုံကြောစနစ်ကို ယိုယွင်းလာစေနိုင် ပါတယ်။ အယ်လ် ဇိုင်းမားတို့ ပါကင်ဆန်တို့လိုရောဂါမျိုး ဆက်ဖြစ်ဖို့ အလားအလာများပါတယ်။ ကလေးဆိုတာက ပုံမှန်ဘဝမှာ နှစ်ပေါင်း များစွာရှင်သန်ရဦးမယ်ဆိုတော့ ဦးခေါင်းပိုင်းဆိုင်ရာ ထိခိုက်မိထားရင် တခြားနောက်ဆက်တွဲဆိုးကျိုးတွေ ကာကွယ်နိုင်ဖို့ ခက်သွားပါပြီ” ၎င်းကဆိုသည်။
လက်ဝှေ့လောကတွင် ၂နှစ်မှ ၅နှစ်အထိ အတွေ့အကြုံရှိခဲ့သည့် အသက် ၁၅နှစ်အောက် ကလေးလက်ဝှေ့သမား ၃၀၀ ကို တခြားသော လက်ဝှေ့မထိုးသည့် ကလေး ၂၀၀ကျော်နှင့် နှိုင်းယှဉ်ကာ သုတေသနပြုပြီးနောက် ထိုသို့ တားဆီးရန် ပြောဆို လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
သုတေသန ပြုချက်အရ ကလေးလက်ဝှေ့သမားများတွင် ဦးနှောက်ထိခိုက်ထားသူရော ဉာဏ်ရည်(IQ)ချို့တဲ့ပါ လေ့လာ ခဲ့ရာ ပျမ်းမျှအဆင့်အတွင်ပင် အချက် ၁၀ ချက်အောက် ကျဆင်းနေကြောင်း၊ ဉာဏ်ရည်အဆင့်မှာလည်း ပွဲကြီးမထိုးမီ လေ့ကျင့်ဆဲကာလမှာပင် ယုတ်လျော့သွားသည်ဟု ဆိုသည်။