သတင်းတို

အကြမ်းဖက်မှု အကြောင်းပြ တူနီးရှားအမျိုးသမီးများ လာရောက်ခြင်း UAE ကန့်သတ်

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)က အကြမ်းဖက်မှု တားဆီးနိုင်ရေး အကြောင်းပြချက်ဖြင့် အာဖရိကမြောက်ပိုင်း တူနီးရှား နိုင်ငံမှ အမျိုးသမီးများ Emirates လေကြောင်းဖြင့် ဝင်ရောက် လာမှုကို ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက Emirates လေကြောင်းလိုင်းဟာ သူတို့ရဲ့ ခရီးစဉ်တွေမှာ တူနီးရှား အမျိုးသမီးတွေကို အကြောင်းပြချက်မရှိပဲ လိုက်ပါခွင့် မပေးတော့တာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ တူနီးရှား နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် အမျိုးသမီးများမှ အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်မည်ဆို၍ ဖြစ်ကြောင်း အကြောင်းပြချက်များ ထွက်ပေါ်ခဲခြင်းဖြစ်ပါတယ်။

ယခုအခါ Emirates လေကြောင်းလိုင်းဟာ ဒူဘိုင်း- တူနီးရှား ခရီးစဉ်များအားလုံးကို ရပ်တန့်ထား လိုက်ပါတယ်။

တူနီးရှား သမ္မတရုံး ပြောခွင့်ရသူတဦးက UAE အနေဖြင့် လုံခြုံရေး ခြိမ်းခြောက်မှုဟု အကြောင်းပြ၍ မချဲ့ကားသင့်ကြောင်း ဆိုတယ်လို့ တူနီးရှားသတင်းဌာန TAP ကဆိုပါတယ်။

ထိုကဲ့သို့ UAE က တူနီးရှား အမျိုးသမီးများ UAE သို့ Emirates လေကြောင်းဖြင့် လာရောက်ခြင်း ကို ကန့်သတ်သည်ဆိုသော သတင်းများ ထွက်ပေါ်ပြီေးနာက် တူနီးရှားနိုင်ငံမှာ မကျေနပ်မှုများ တင်းမာမှု များ ဖြစ်ပေါ်နေပါတယ်။

ယင်းအဖြစ်အပျက်နဲ့ ပတ်သက်၍ တူနီးရှားအစိုးရအနေနဲ့ UAEရဲ့ တားမြစ်မှုကို တုံ့ပြန်ပေးဖို့ တူနီးရှား လူအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက တောင်းဆိုနေပါတယ်။

တူနီးရှား နိုင်ငံခြားရေးဝန်ကြီး Khemais Jhianouiက UAE အနေနဲ့ တူနီးရှား အမျိုးသမီးများ ခရီးသွား လာခွင့် ကန့်သတ်ခြင်းအပေါ် တောင်းပန်သင့်ကြောင်း ဒေသတွင်း ရေဒီယိုတခုသို့ ပြောကြားခဲ့သော် လည်း UAEအစိုးရမူ တုံ့ပြန်ခြင်းမရှိပေ။

ထို့အတွက် တူနီးရှားနိုင်ငံဆိုင်ရာ UAE သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်မှုပြုလုပ်ရာ ၎င်းက ယာယီအားဖြင့် စိစစ်မှုသာဖြစ်တယ်လို့ ဆိုတယ်လို့ သိရပါတယ်။

ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွင် No Women No Fly ဟူသော ရေးသားမှုတွေ မြင့်တက်နေပါတယ်။

Loading