သတင်းတို

ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု ယီမင်အရပ်သား ၁၄ ဦးသေဆုံးပြန်

ယီမင်နိုင်ငံ တက်ဇ်မြို့နားအနီး ရှိ ကျေးရွာတရွာမှ ဈေးတခုကို ဆော်ဒီအာရေဗီးယားဦးဆောင်သည့် ညွှန်ပေါင်းတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁၄ဦး သေဆုံးကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတဦးကမနေ့ပြောသည်။

ဆော်ဒီအာရေဗီးယား ကျောထောက်နောက်ခံပေးထားသည့် ယီမင် အစိုးရ တာဝန်ရှိသူတဦးကလည်း တက်ဇ်မြို့ အနောက်မြောက်ဘက် အယ်လ်ဟိုင်းမား ကျေးရွာအတွင်းရှိ ဟူသီသူပုန်များကို နှိမ်နင်းနေ သည့် ဒေသခံ ပြည်သူ့စစ်များကို စစ်ကူပေးသည့် အနေဖြင့် ဆော်ဒီအာရေဗီးယား ဦးဆောင်ကာ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်လေယာဉ် များမှာ ပစ်မှတ်လွဲချော်ခဲ့ခြင်း ဖြစ်၍ သူပုန် ၁၁ဦးနှင့် အရပ်သား ၁၆ ဦးသေဆုံးကြောင်း ဆိုသည်။

တက်ဇ် မြို့သည် ဆော်ဒီအာရေးဗီးယားမှ ကျောထောက်နောက်ခံပေးထားသည့် အစိုးရတပ်များ လက်တွင် ရှိသော်လည်း မြို့တဝိုက် ကျေးလက်ဒေသများမှာ ဟူသီ သူပုန်များ၏ လက်တွင် ရှိဆဲဖြစ်ပြီး၊ ယင်းဒေသသည် ပြည်တွင်းစစ်အတွက် မဟာဗျူဟာအရ အရေးပါသည့် နေရာဖြစ်သည်။

အလားတူ ပင်လယ်နီကမ်းရိုးတန်းမှ သူပုန်များလက်ဝယ် ကျနေသည့် ဟိုဒိုင်းဒါ ဆိပ်ကမ်းကိုလည်း ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လေကြောင်းတိုက်ခိုက်ရာမှာ ဟူသီသူပုန် ၂၂ဦးသေဆုံးကြောင်း စစ်ဘက်နဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။

ဆော်ဒီဦးဆောင်သည့်ညွန့်ပေါင်းအဖွဲ့ က နိုင်ငံတကာအသိအမှတ်ပြုမှုဖြင့် ၂၀၁၅ ခုနှစ်၊ မတ်လက ကြားဖြတ်အစိုးရ တာဝန်ယူခဲ့ပြီးနောက်မှာ လူပေါင်း ၈၇၅၀ သေဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ပြောခွင့်ရသူ ပြောဆိုချက်အရ ဒီဇင်ဘာ ၆ရက်နေ့ ကတည်းက စတင်ရေတွက်ပါက ဆော်ဒီဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၁၃၆ဦး သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သေး သည်။

Loading