မသန်စွမ်းသူများ အမျိုးသား အဆင့်ကော်မတီ၏ ပထမဆုံး အကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ပြန်လည် ထူထောင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ က ဧရာဝတီသို့ ပြောသည်။
“ပထမအကြိမ်ပြီးရင်တော့ ရှေ့ဆက် လုပ်ငန်းစဉ်တွေကို သိလာရမှာပေါ့။ ကော်မတီရဲ့ လုပ်ငန်း တာဝန်တွေ ရှိတယ်၊ ၂၅ ချက် အဲဒါကို အကောင်အထည် ဖော်ဖို့ဆိုပြီး မဟာဗျူဟာတွေ ရေးဆွဲအကောင်အထည် ဖော်မယ်”ဟု ၎င်းက ဆိုသည်။
လုပ်ငန်းတာဝန် ၂၅ ချက်မှ တချက်ဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်း သူများ၏ ဘဝ တိုးတက်မြင့်မားလာစေရေးနှင့် ဥပဒေပါပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် နိုင်ငံတော်အဆင့် မူဝါဒ နှင့် လမ်းညွှန်ချက်များ ရေးဆွဲ ချမှတ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူဆောင်ရွက်ရေး စသည့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်းလည်း ဦးစွမ်းရည်ရက ပြောသည်။
ထို အမျိုးသား ကော်မတီ တွင် နိုင်ငံတော် ဒု သမ္မတက ဥက္ကဌ အဖြစ်လည်းကောင်း ၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ဒု ဥက္ကဌ (၁) အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်း သူများ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ဒု ဥက္ကဌ (၂) အဖြစ် လည်းကောင်း အခြားသော မသန်စွမ်း ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ စ၍ ဖွဲ့စည်းထား သည်။
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်က ပြဋ္ဌာန်းခဲ့ပြီး လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ် ခွင့်များ တန်းတူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာနေထိုင်ရေး၊ အလုပ်အကိုင်၊ မသန်စွမ်းသူများ၏ အခွင့်အရေးကို ဖောက်ဖျက်မှုများ အပေါ် တားမြစ်ချက်၊ ပြစ်ဒဏ်စသဖြင့် အခန်း ၁၇ ခန်း ပါရှိသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများ ဖြစ်ပြီး ၎င်းတို့ အနက် ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်နေကာ ၁ ရာခိုင်နှုန်းကသာ ဘွဲ့ရသည်အထိ ပညာသင်ကြားခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။