ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး တလျှောက် တနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် အမှုပေါင်း ၅၅၅ မှုဖြစ်ပွားခဲ့ပြီး လူ ၁၁၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၈၆၃ ဦး ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းအချက်အလက်များအရ ယာဉ်တိုက်မှုမှာ အိမ်စီးကားများကြောင့် အများဆုံးဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၌ အမှုပေါင်း ၇၇၄ မှု ဖြစ်ပွားခဲ့ကာ၊ ဒဏ်ရာရရှိသူ ၁၃၀၄ ဦး၊၁၇၀ ဦး သေဆုံးခဲ့သဖြင့် ၂၀၁၇ ခုနှစ်မှာ ယခင်နှစ်ထက် သေဆုံးသူ ဦးရေ လျော့ကျခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စိုးဝင်းက “ အဖြစ်အများဆုံးက အိမ်စီးကားတွေ အများဆုံးဖြစ်တယ်။ အရှိန်နှုန်းထက် ကျော်လွန်ပြီးမောင်းတော့ အရှိန်မထိန်းနိုင်ပဲ အများဆုံး ဖြစ်ပွားကြတာ” ဟု ပြောသည်။
၂၀၁၇ ဇွန်လ ၁ ရက်နေ့မှ စပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖြတ်သန်းမောင်းနှင်သည့် မော်တော်ယာဉ်များ အားလုံး ထိုင်ခုံခါးပတ် မပတ်သူများကို ဖမ်းစီး အမှုဖွင့် အရေးယူမှုများ ပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးသည် အရှည် မိုင် ၄၀၀ ရှိပြီး၊ နေ့စဉ် ယာဉ် အစီးရေ ၂၀၀၀၀ ကျော် ဖြတ်သန်း မောင်းနှင်နေကြောင်း တရက်လျှင် ပျမ်းမျှအားဖြင့် ခုနှစ်မှု ခန့် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
အဆိုပါ လမ်းမကြီးကို နိုင်ငံတကာ အဆင့်မီ အမြန်လမ်းဖြစ်အောင် ပြုပြင်ရန် စီစဉ်နေပြီး ADB (အာရှဖွံ့ဖြိုးရေးဘဏ်)မှ ဒေါ်လာ သန်းတရာကျော် ချေးငွေဖြင့် ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားကြောင်း၊ အကယ်၍ အစိုးရမှ လက်ခံခဲ့ပါက ၂၀၂၀ ခုနှစ် မတိုင်မီ မိုင် ၄၀ ကို ရှေ့ပြေးစီမံကိန်းအနေဖြင့် နိုင်ငံတကာ အဆင့် မီ အမြန်လမ်း ဖြစ်စေရန် ဆောင်ရွက်မည့် အစီအစဉ်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်လင်း က ပြီးခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် မီဒီယာများကို ပြောကြားခဲ့ဖူးသည်။