မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ Cyber City ကွင်းတွင် လာမည့် ဖေဖော်ဝါရီလလယ်၌ Myanmar Drift Champion Ship -2018 ပြိုင်ပွဲ ကျင်းပရန် စီစဉ်နေကြောင်း Motor Sport Association of Mandalay (MSAM)မှ သိရသည်။
“အားကစားတခု အဖြစ်နဲ့ ပြိုင်ပွဲတွေလုပ်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်လုပ် ဆောင်တာ ပါ။ အခုပွဲကို ဝါသနာရှင် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်အောင် လုပ်ဆောင်ပေးသွားပါမယ်။ အခုပြိုင်ပွဲမှာ သေချာ တာတော့ Car Drift က သေချာပေါက်ပါမယ်။ Time Attack ပါ၊ မပါတော့ နီးမှပဲ ပြောနိုင်မယ်။ တခြား ဆိုင်ကယ်စတန့်၊ စက်ဘီးစတန့်နဲ့ Music Show ပွဲတွေကိုလည်း ထည့်သွင်းနိုင်အောင်တော့ ကြိုးစားနေပါတယ်။”ဟု MSAM မှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုအိပိုင်က ပြောသည်။
အဆိုပါပြိုင်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ Racer များဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း၊ တနှစ်လျှင် ၂ ကြိမ် ပြုလုပ်ပေးနိုင်ရန် ရည်မှန်းထားပြီး ကားမောင်းကျွမ်းကျင်သူ Racer များ မွေးထုတ်ပေး၍ နိုင်ငံတကာအဆင့် ပြိုင်ပွဲများ အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲများကို MSAM က ဝါသနာအရ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားတွင် Grade A နှင့် Grade B ဟူ၍ခွဲထားပြီး တမျိုးလျှင် ပထမ၊ ဒုတိယနှင့် တတိယ ဟူ၍ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားယှဉ်ပြိုင်မှုအနေဖြင့် ယခုလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပသည့်အာရှအဆင့် ကားမောင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်သူ ၂ ဦးပေါ်ထွက်ခဲ့ပြီး ဆုများ ရရှိခဲ့သည်။