ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဆန္ဒဖော် ထုတ်ခဲ့သူ ၅ ဦးအား ထောင်ဒဏ် ရက် ၂၀ ကျခံရန် လွိုင်ကော်မြို့နယ် တရားရုံးက ယနေ့ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်က KNPP ရဲဘော် ၃ ဦးနှင့် ရွာသား ၁ ဦးကို တပ်မတော်က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း အပေါ် တရားဝင် သတင်းထုတ်ပြန်ပေးရန်နှင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ကရင်နီပြည် လူငယ်များ သမဂ္ဂနှင့် ကရင်နီ ပြည် တောင်သူများ သမဂ္ဂအဖွဲ့ဝင် လူငယ် ၅ ဦးက ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၁၈ ဇန်နဝါရီ ၅ ရက်တွင် လွိုင်ကော် မြို့မရဲစခန်းမှ အဆိုပါ ဆန္ဒပြသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉)ဖြင့် တရားစွဲဆိုခဲ့ပြီး ရုံးချိန်း ၄ ချိန်း ခေါ်ယူ စစ်ဆေးပြီးနောက် လွိုင်ကော်မြို့နယ် တရားရုံးက ချုပ်ရက် အပါ ထောင်ဒဏ် ရက် ၂၀ ကျခံရန် အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒါဟာ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာကို ပြသ သွားတာပဲလေ။ သူတို့က ငွေဒဏ်နဲ့ ထောင်ဒဏ်မှာ ထောင်ဒဏ်ကို ရွေးပြီး ထောင်ထဲ ဝင်သွားတယ်။ အမှန်တရားကို မြတ်နိုးတဲ့ အတွက် နိုင်ငံသားတဦးရဲ့ လုပ်ငန်းတာဝန်ဖြစ်တဲ့ တရား ဥပဒေ စိုးမိုးမှုအတွက် လုပ်တာဖြစ်လို့ ထောင်ဒဏ်ကို ရွေးခဲ့တယ်လို့ မြင်တယ်”ဟု ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောသည်။
KNPP ရဲဘော် ၃ ဦးနှင့် ရွာသား ၁ ဦး အသတ်ခံရမှု၊ ဆန္ဒပြသူ ၅ ဦးကို တရားစွဲဆို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ပြည်နယ် အစိုးရ နှင့် လွှတ်တော်က တစုံတရာဖြေရှင်းပေးမှု မရှိသောသောကြောင့် ကယားပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား ရေးမဏ္ဍိုင်များအပေါ် အယုံအကြည် မရှိတော့ဟုဆိုကာ ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာ လေ့လာ ဆန်းစစ်ရေး ကော်မတီမှ အရပ်ဘက် ကိုယ်စားလှယ် ၄ ဦး ဇန်နဝါရီ ၁၀ ရက်တွင် နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉) သည် မည်သူမဆို သက်ဆိုင်ရာသို့ အသိပေး တင်ပြ ခြင်းမရှိဘဲ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ လ ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ငွေကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။