လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးမိခဲ့သည့် ဖြိုးကိုကိုတင့်ဆန်း အမှုမှ ပါဝင် ပတ်သက်သူ ကျော်ချမ်းငြိမ်း ဆိုသူကို ဝရမ်း ထုတ်ထား သော်လည်း ဖမ်းမမိသေးကြောင်း မှုခင်းတပ်ဖွဲ့ (CID)မှ တာဝန်ကျ ရဲအုပ်တဦးက ပြောသည်။
CID မှရဲအုပ်တဦးက “ကျော်ချမ်းငြိမ်းကို ဝရမ်းထုတ်ထားပြီးပါပြီ။ ဖမ်းမိဖို့ ကြိုးစားနေပါတယ်”ဟု ပြောသည်။
ဖြိုးကိုကိုတင့်ဆန်း နှင့် ACE ဟိုတယ်မှ အမျိုးသားနှစ်ဦးကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော် လေဆိပ် တွင် လက်နက်၊ မူးယစ်ဆေးဝါးများဖြင့် စတင်ဖမ်းမိခဲ့ပြီးနောက် ပါဝင်ပတ်သက်သူ ၁၅ ဦးအား ပုဒ်မပေါင်း ၁၇ ခု ဖြင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုအမှုတွင် ရန်ကုန်မြို့တွင် လူပုဂ္ဂိုလ် ၅ ဦးအား ပုဒ်မ ၇ ခုဖြင့် အမှုဖွင့်ထားရာ ဇန်နဝါရီ ၁၂ ရက်နေ့တွင် သာကေတ မြို့နယ် တရားရုံးနှင့် အရှေ့ပိုင်းခရိုင် တရားရုံးတို့တွင် ဖြိုးပိုပို၊ ချမ်းငြိမ်းအောင်နှင့် စိုးမြင့်ကျော် တို့ကို ရုံးထုတ်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ဖြိုးကိုကိုတင့်ဆန်းအား နေပြည်တော်တွင်သာ ဖမ်းဆီးထားပြီး ရန်ကုန်မြို့ရှိ တရားရုံး ထုတ်များတွင် ၎င်းပါဝင်ခြင်းမရှိဘဲ အမှုအားစတင်စစ်ဆေးသည့်အချိန်မှ ပါဝင်လာမည် ဖြစ်သည်ဟု ဆိုသည်။
CID မှ တာဝန်ကျ ရဲအုပ်တဦးက “လောလောဆယ် အမှုတွေကို ရုံးပေါင်းပြီး စစ်နိုင်ဖို့ ကြိုးပမ်းနေကြတယ်၊ သက်သေတွေ စစ်တဲ့ အချိန်ကျရင်တော့ ဖြိုးကိုကိုတင့်ဆန်း ကိုယ်တိုင် မဖြစ်မနေပါရမှာပါ”ဟု ပြောသည်။
ယနေ့ ရုံးထုတ်တွင် သာကေတမြို့နယ် တရားရုံး၌ ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲတင်ခဲ့ပြီး အရှေ့ပိုင်း ခရိုင် တရားရုံး တွင် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း သာကေတမြို့နယ် တရားရုံးတွင် ဖြိုးကိုကိုတင့်ဆန်း၊ ဖြိုးပိုပို၊ ချမ်းငြိမ်းအောင်နှင့် စိုးမြင့်ကျော်နှင့် ကျော်ချမ်းငြိမ်း တို့ကို လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ (မူး/စိတ်) တို့ဖြင့် ရုံးထုတ် တရားစွဲတင်ခဲ့ပြီး ဖြစ်သည်။