မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် ယနေ့ နံနက် ၀၀ း ၃၀ နာရီ ခန့်က ဦနှောက်နှင့် အာရုံကြော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်မှ စ၍ ဦးနှောက်၊ အာရုံကြောရောဂါဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိရာမှ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ကြွင်းကျန်ရုပ်ကလာပ်အား ယနေ့နေ့လယ် ၃ နာရီတွင် တောင်အင်းမြောက်အင်း သုဿာန်သို့ ပို့ဆောင် သဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က “ကျရာတာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်တဲ့၊ အရမ်းတော်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ။ သူအခုလို ဆုံးပါးသွားတာ ကျနော်တို့ တိုင်းအတွက် အင်မတန်နစ်နာရသလို ကျန်ရစ်တဲ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်း ကြရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦး ဖြစ်ပြီး ယခင်က ကွန်ပျုတာလုပ်ငန်းရှင်တစ်ဦးဖြစ်ရာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်ဖြစ်လာသည့်အခါ တိုင်းရင်းသား ရေးရာကဏ္ဍသာမက E-government လုပ်ငန်းစဉ်များ၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် ဆက်စပ်သည့် တာဝန် များကိုလည်း ထမ်းဆောင်နေသူဖြစ်သည်။
၎င်း၏တာဝန်များအား ကျန်ရှိအစိုးရအဖွဲ့များက ယာယီခွဲဝေထမ်းဆောင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မတီရှင်က စီမံခန့်ခွဲကာ ကြားဖြတ်ရွေးကောက်ပွဲစီစဉ်ပြီးမှသာ ဝန်ကြီးအသစ်အစားထိုးသွားမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ သတင်းရရှိသည်။
မန္တလေး အခြေစိုက် ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုး သတင်းပေးပို့သည်။