မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ဘိန်းအုပ်စု ခမိတ်ကျေးရွာ မော်လမြိုင်-ရန်ကုန် အဝေးပြေးကား လမ်းတွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်ကို ဆက်လက် ဖော် ထုတ်ရာ မြဝတီမြို့ တွင်လည်း WY ဆေးပြား ၉၈၀၀ ပြားကို ဗုဒ္ဓဟူးနေ့က ထပ်မံဖမ်းမိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်ဘက်သို့ ဦးအောင်မြိုင် မောင်းနှင်သည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ဇနီးဖြစ်သူ ဒေါ်မင်းမင်းစိုး (ခ) မေစိုး လွယ်ထားသည့် ဘေးလွယ် အိတ်ထဲမှာ WY စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ဖမ်းဆီးမိရာ မြဝတီမြို့နေ အောင်သန်းမြင့်(ခ) အလစ်(ခ) အကောက်ထံမှ ဝယ်ယူခဲ့ ကြောင်း၊ အောင်သန်းမြင့်ကို ဆက်လက်စစ်ဆေးရာ သူသည်လည်း မျိုးမြင့်အောင် (ခ) ဝတုတ်ထံမှ ဝယ်ယူ ခဲ့ကြောင်း ထွက်ဆိုချက်ပေးခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့က မျိုးမြင့်အောင်ထံသို့ ဖုံးဆက်ပြီး မူးယစ်ဆေးဝါးများ ဝယ်ယူရန် ချိတ်ဆက်ရာ အမှတ် (၃) ရပ်ကွက်၊ မိချောင်းကုန်း ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ကုန်းမြင့်သာယာလမ်းသို့ ဦးမျိုးမြင့်အောင်နှင့် ၎င်းဇနီးဖြစ်သူ မဖြူဖြူ (ခ) မကြည်ပြာသည် ဟွန်ဒါဖစ် ခဲရောင်ဖြင့် ဆေးပြားများ လာရောက်ပို့ဆောင်စဉ် ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ဦးမျိုးမြင့်အောင်၏ ကားထဲတွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀၀ ပြားအပြင် မြန်မာငွေစက္ကူ ၁၄၅၀၀၀ ကျပ်နှင့် ဆင်းကဒ်မျိုးစုံ ထည့်ထားသော ဖုန်းလေးလုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
မော်လမြိုင်-ရန်ကုန်ကားလမ်း၊ မြဝတီမြို့တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ ဖမ်းမိခဲ့သည့် ဦးအောင်မြိုင်နှင့် ဇနီး ဒေါ်မင်းမင်းစိုး၊ ဦးမျိုးမြင့်အောင်နှင့် ဇနီး မဖြူဖြူတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အသီးသီးအမှုဖွင့် ဖမ်းဆီးထား ကြောင်း သိရသည်။