သတင်းတို

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နှစ်နိုင်ငံအရေးဆွေးနွေး

အိန္ဒိယ နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ဇန်နဝါရီလ ၂၄ ရက်နေ့က နယူးဒေလီမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ (Hyderabad House) ၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မပြီးပြတ်သေးသော နယ်နိမိတ် တိုင်းတာ သတ်မှတ်ရေး ကိစ္စရပ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများအား နှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များဖွင့်လှစ်၍ နှစ်ဖက်ဒေသပြည်သူများ အပြန်အလှန်ကူးသန်းသွားလာနိုင်ရေးကိစ္စ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅-၂၆ ရက်နေ့ များတွင် ကျင်းပမည့် အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် အိန္ဒိယနိုင်ငံ၏ ၆၉ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၂၄ ရက်နေ့က ထွက်ခွာသွားခြင်းဖြစ်သည်။

Loading