သတင်းတို

တရုတ် နောက်ကျောကပ်၍ အမေရိကန်က လက်နက် အရောင်းမြှင့်နေ

စင်ကာပူနိုင်ငံ၌ ယနေ့မှစတင်ကာ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့အထိ ၅ရက်ကြာ ကျင်းပမည့် အာရှ၏ အကြီးမားဆုံး လေ ကြောင်းပြပွဲတွင် လက်နက်များ အရောင်းမြှင့်တင်ရေးအတွက် အမေရိကန်က ထိပ်တန်းသံတမန် တဦးကို စေလွှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းပြပွဲသို့ ရောက်ရှိလာသည့် အမေရိကန် သံအမတ်ကြီး တီနာကိုင် ဒနောင်းက “အရာရာတိုင်း ငါတို့ လုပ်နိုင်တယ်” ဆိုသည့် အမေရိကန်တို့၏ ဆောင်ပုဒ်နှင့် အညီ အရှေ့တောင်အာရှ အစိုးရများ အနေဖြင့် F-35 ဂျက် တိုက်လေယာဉ်များ ဝယ်ယူနိုင်ရန် ပြသမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်က လူလုပ်ကျွန်းများ တည်ဆောက်ခြင်းနှင့် ရေပိုင်နက် အငြင်းပွားနေစဉ်အတွင်း အမေရိကန် ယခင် ရန်သူဟောင်း ဗီယက်နမ်ကဲ့သို့သော တိုင်းပြည်နှင့် လက်နက် အရောင်းအဝယ် လုပ်ကာ ပိုမိုသင့်မြတ် လာရန် ကြိုးပမ်းနေသည်။

တရုတ်နှင့်မကြာခဏ ရေပိုင်နက်အငြင်းပွားလျှက်ရှိပြီး စစ်ပွဲပါဖြစ်ဖူးသည့် ဗီယက်နမ်အတွက် ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များကို မနှစ်ကလည်း အမေရိကန်က လွှဲပြောင်းပေးခဲ့သေးသည်။

အရှေ့တောင်အာရှ နိုင်ငံတနိုုင်ငံဖြစ်သည့် မြန်မာနိုင်ငံကမူ ရုရှားလုပ် ဆူခွိုင်းအမျိုးအစား Su – 30 တိုက် လေယာဉ် ၆ စီးကို မကြာသေးမီက ရုရှားထံမှ ဝယ်ယူခဲ့သလို၊ ထိုင်းနိုင်ငံကလည်း တရုတ်လုပ် လက်နက်များကို ဝယ်ယူလျှက်ရှိသည်။

Loading