သတင်းတို

မဲဆောက် PA စက်ရုံက မြန်မာအလုပ်သမားများ နစ်နာကြေး ဘတ် သိန်း ၂၀၀ ကျော်ရမည်

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ PA အထည်ချုပ် စက်ရုံအနေဖြင့် မြန်မာအလုပ်သမား ၁၃၀ ဦးအတွက် နစ်နာကြေး ဘတ် သိန်း ၂၀၀ ကျော် (ကျပ် သိန်း ၈ ထောင်ကျော်) ပေးဆောင်ရန် ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး (ဆပ်ဝါပ်ဒီကန်) က ဆုံးဖြတ် လိုက်ကြောင်း သတင်းရရှိသည်။

PA အထည်ချုပ်စက်ရုံ အလုပ်ရှင်အနေဖြင့် မြန်မာအလုပ်သမားများအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖောက်ကြောင်း တွေ့ရှိရသဖြင့် ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး က ထိုကဲ့သို့ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ ရုံး တာဝန်ခံ ဦးမိုးကျော်ဦး က ပြောသည်။

ဦးမိုးကျော်ဦး က “အလုပ်သမားတွေဘက်ကို စစ်ဆေးတယ်။ အလုပ်ရှင်ဘက်ကိုလည်း ခေါ်ယူပြီး ညှိနှိုင်းတယ်ပေါ့ဗျာ။ လုပ်ပြီးတဲ့ အခါမှာမှ အလုပ်ရှင်ဘက်က ချိုးဖောက်တာတွေ စစ်ဆေးပေါ်ပေါက်တဲ့ အတွက် သူတို့ အလုပ်ခန့်စဉ် ကာလကတည်းက ထိုင်းဥပဒေ အတိုင်း မပေးဘဲနဲ့ ထားတဲ့ နစ်နာကြေးတွေ၊ ကျန်တဲ့လုပ်အားခ လစာတွေပေါင်းပြီးတော့ သတ်မှတ်တယ်လို့ သိရပါတယ်။ ဆုံးဖြတ်တာကတော့ ဇန်နဝါရီ ၉ ရက်နေ့ကပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းအလုပ်သမားဥပဒေ အရ တရက်လျှင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ထားပြီး လုပ်အားခကို ၃၀၅ ဘတ် (လက်ရှိ ၃၁၀) သတ်မှတ်ထားသော်လည်း PA အထည်ချုပ် စက်ရုံအနေဖြင့် မြန်မာအလုပ်သမားများကို တရက်လျှင် အနိမ့်ဆုံး ဘတ် ၁၁၀ မှ အမြင့်ဆုံး ဘတ် ၁၇၅ အထိ သာပေးဆောင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အလုပ်သမားများအနေဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလထဲတွင် အလုပ်ရှင်ထံ နေ့တွက်ခ ဘတ် ၂၀ တိုးမြှင့်ပေးရန် တောင်းဆိုခြင်းအား အလုပ်ရှင်မှ လိုက်လျောခြင်း မရှိသည့်အပြင် လုပ်ငန်းခွင် အတွင်းမှ မောင်းထုတ်ခြင်း၊ အလုပ်သမားများ အတွက် ထမင်းမပေးတော့ဘဲ ရပ်ဆိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် စက်ရုံကိုလည်း တခါးပိတ်၍ စက်ရုံငှားရမ်းမည်ဖြစ်ကြောင်း ဆိုင်းဘုတ်တင်ခဲ့သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အလုပ်သမားများက ကျေနပ်မှု မရှိသဖြင့် မဲဆောက်မြို့ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့နှင့် မိတ်ဘက်အဖွဲ့အစည်းများထံ ချည်းကပ်ကာ အကူအညီတောင်းခံခဲ့ရမှာ ယခုကဲ့သို့ အခြေအနေရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

Loading