မြန်မာ့ သမိုင်းကော်မရှင် အဖွဲ့က ပြုစုထားသည့် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ စာအုပ် မူကြမ်းကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တည်းဖြတ်နေပြီး ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
စာအုပ် မူကြမ်းကို မြန်မာ့ သမိုင်းကော်မရှင်က နိုင်ငံတော်၏ အတိုင်ပင်ခံထံ ယခုနှစ်ဆန်းပိုင်းတွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်းတွင်ပင် သမိုင်း အထောက် အထား ပြည့်စုံသော ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိ စာအုပ် ထွက်ရှိနိုင်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရဦးအောင်ကို က ပြောသည်။
သူရဦးအောင်ကို က “ဒီလောက် လုပ်ငန်းတာဝန်များပြားတဲ့ ကြားထဲကကို ညစဉ် သူ(ဒေါ်အောင် ဆန်းစုကြည်) နိုင်သမျှ ၁၀ မျက်နှာပြီး ၁၀ မျက်နှာ၊ ၅၀ ပြီး ၅၀ ဖတ်ရှုပြီးမှ Edit လုပ်နေပါတယ်။ အခုဆိုရင် တဝက်ကျော် လောက်ပြီး ပြီလို့ သိရပါတယ်။ ထင်ပါတယ်၊ ၂၀၁၈ ခုနှစ်ထဲမှာ သမိုင်း အထောက်အထား အချက် အလက်တွေ ပြည့်စုံတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပတ္တိ စာအုပ်က ထွက်ရှိနိုင်မှာ ဖြစ်ပါတယ်”ဟု နေပြည်တော်တွင် ပြောသည်။
ဗိုလ်ချုပ် အောင်ဆန်း၏ မူရင်းအတ္တုပတ္တိ စာအုပ်ကို ၁၉၅၄ ခုနှစ်၊ ပါလီမန် အစိုးရခေတ် ကပင် စတင် ရေးသားခဲ့သော်လည်း မပြီမြောက်ခင် ၆၂ ခုနှစ် အာဏာသိမ်း ခံရခြင်းကြောင့် တကြိမ် ဆိုင်းငံခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်သော်လည်း ထပ်မံ ဆိုင်းငံ့ခံရသဖြင့် အပြီးမသတ်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း သိရသည်။
“အခု ဒီမိုကရေစီ အစိုးရခေတ်လက်ထက်မှာတော့ တာဝန်ပေးလို့ ဆိုတာထက် ပြည်သူတွေက တောင်းဆိုလို့ သမိုင်းပညာရှင်တွေ ကတောင်းဆိုလို့ အခုပြန်ရေးလိုက်ပါတယ်။ ရေးတဲ့အခါမှာလည်း ပြည်တွင်းမှာရှိတဲ့ ရနိုင်သမျှ အထောက်အထား အချက်အလက်တွေ ပြည်ပမှာရှိတဲ့ အချက်လက်တွေ၊ အိန္ဒိယက အချက်လက်တွေ၊ ထိုင်းနိုင်ငံက အချက်အလက်တွေ အကုန်စုတောင်းပြီးမှ သမိုင်း အဖွဲ့က ရေးတဲ့အခါ မူကြမ်း ရာနှုန်းပြည့်ပြီးလို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ထားပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – ဗိုလ်ချုပ်အောင်းဆန်း အတ္ထုပ္ပတ္တိ မူကြမ်းစာအုပ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ