တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တာလီမြို့၌ သီးခြားတွေ့ဆုံခဲ့မှုတွင် တပ်မတော်က ၎င်းတို့အပေါ် ဖိအားပေးခဲ့ကြောင်း KIO က ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်လိုက်သည်။
KIO ၏ ထုတ်ပြန်ချက်တွင် “မြန်မာ့တပ်မတော်ဘက်က ဆွေးနွေးရာတွင် KIA တပ်ရင်း ၁၄ ဌာနချုပ် အပါအဝင် KIA စခန်းများအား ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာများ တည်ရှိမှုကို အသိအမှတ် မပြုနိုင်ကြောင်း ဖိအားပေး ဆွေးနွေးခဲ့သည်” ဟု ပါရှိသည်။
အဆိုပါဆွေးနွေးပွဲကို တရုတ် နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင် တက်ရောက်ခဲ့သလို KIO မှလည်း ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တပ်မတော်နှင့် KIA တို့အကြား လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စများ အပါအဝင် ဒေသတည်ငြိမ်ရေး တိုက်ပွဲများ လျှော့ချရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အားလုံး ပါဝင်ရေးနှင့် ပင်လုံစာချုပ် ပင်လုံ ကတိကဝတ်နှင့် အညီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုသည် KIO ဗဟိုနှင့် မြန်မာ့ တပ်မတော်တို့အကြား ပထမဆုံး သီးခြားတွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲတွင် နှစ်ဦး နှစ်ဖက် ကတိကဝတ်ပြုသည့် သဘောတူညီမှု တစုံတရာ မရှိခဲ့သော်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးသွားကြရန် နှစ်ဖက်စလုံးက သဘောဆန္ဒရှိသည်ဟု ဆိုသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ယခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှ စတင်၍ တပ်မတော်နှင့် KIA အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများကြောင့် တနိုင်းဒေသဘက်တွင် ဒေသခံ ၂၀၀၀ ခန့် ပိတ်မိနေပြီး ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ သော ဆွမ်ပရာဘွမ် မြို့နယ်မှ တိုက်ပွဲတွင်လည်းဒေသခံ ၇၀၀ ကျော် တောထဲသို့ တိမ်းရှောင် နေကြရကြောင်း စစ်ဘေးသင့် ပြည်သူများ အရေးပေါ် ကယ်ဆယ် ကူညီရေး ကော်မတီက ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။