သတင်းတို

အကြမ်းဖက်မှု တိုက်ဖျက်ရေး မြန်မာကို အင်ဒိုနီးရှား ကူညီမည်

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော အကြမ်းဖက်မှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ ကူညီသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား လုံခြုံရေး၊ တရားဥပဒေနှင့် နိုင်ငံရေးရာဝန်ကြီး ဝီရန်တို (Wiranto) က ပြောဆိုသည် ဟု အန်တာရာသတင်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လည် ရောက်ရှိလာသော ဒုက္ခသည်များနှင့် အတူ အစ္စလမ်မစ်နိုင်ငံအဖွဲ့ (IS) နှင့် အချိတ်အဆက် ရှိသော စစ်သွေးကြွများ ဝင်ရောက်လာမည်ကို မြန်မာနိုင်ငံက စိုးရိမ်မကင်း ဖြစ်နေသည်။

“ဒေသတွင်းမှာ အကြမ်းဖက်သမားတွေရဲ့ အခြေစိုက်စခန်းသစ် မပေါ်ပေါက်ရေး အတွက် ကျနော်တို့ရဲ့ အတွေ့အကြုံနဲ့ အသိပညာတွေကို မျှဝေပြီးတော့ ကူညီသွားမှာ ဖြစ်ပါတယ်” ဟု ဝီရန်တိုက ပြောသည်။

အစ္စလမ်မစ် နိုင်ငံအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတွင် အင်အားချိနဲ့ လာပြီး ခြေကုတ် ဆုံးရှုံးနေသောကြောင့် ၎င်းတို့သည် ဒေသတွင်းတွင် အခြေစိုက်စခန်းသစ် တခု ထူထောင်ရန် ရှာဖွေနေနိုင်သည် ဟုလည်း ဝီရန်တိုက ပြောသည်။

ထိုသို့သော အခြေအနေကြောင့် မြန်မာနိုင်ငံ အစိုးရသည် စစ်သွေးကြွ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပိုမို သတိထားကာ ကြိုတင် ပြင်ဆင်ရန် တွန်းအားပေး ခံနေရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ပူးပေါင်းပြီး အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်ခဲ့ဖူးသော အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံများကို လေ့လာလိုသည် ဟု ဝီရန်တိုက ပြောသည်။

“အကြမ်းဖက်ဝါဒကို တနိုင်ငံတည်းက တိုက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြမ်းဖက်ဝါဒဟာ နယ်နမိတ် မရှိသလို ဘာလုပ်ထုံး လုပ်နည်း စည်းကမ်းမှ မရှိတော့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟုလည်း သူက ပြောသည်။

“ဒီလ အတွင်းလောက်မှာပဲ မြန်မာနိုင်ငံက တပ်မတော် အဖွဲ့တခုကို အင်ဒိုနီးရှားကို စေလွှတ်ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ဖို့ နည်းလမ်းတွေကို ဆွေးနွေးမယ်” ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွာသည့် သိန်းနှင့်ချီသော ဒုက္ခသည်များကို ပြန်လည် လက်ခံရန် ကတိပြုထားသည်။

Loading