မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာဝန်ကြီး ဘောရစ်ဂျွန်ဆန်ဟာ မနေ့က ရခိုင်ပြည်နယ် မောင်တောမြို့ ပန်းတောပြင်ကျေးရွာသို့ သွားရောက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ လည်း လိုက်ပါခဲ့ပါတယ်။
တပ်မတော် ရဟတ်ယာဉ်နဲ့ ရောက်ရှိလာတဲ့ ဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ အစ္စလာမ်ဘာသာဝင် ကျေးရွာသားတွေနဲ့ သီးခြားတွေ့ဆုံကာ မြန်မာအစိုးရရဲ့ ပံပိုးကူညီပေးမှုတွေကို မေးမြန်းခဲ့တယ်လို့ လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမယ့် သူတွေကို လက်ခံမယ့် တောင်ပြိုလက်ဝဲ ယာယီ လက်ခံရေးစခန်းကို လည်း သွားရောက်ခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်တွေမြို့သို့ ပြန်လည်ရောက် ရှိပြီး အထူးလေယာဉ်နဲ့ နေပြည်တော်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း မနက်ပိုင်း နေပြည်တော်မှာ တွေ့ဆုံကာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး စီစဉ် ဆောင်ရွက်ထားမှုနှင့် ရခိုင်ပြည်နယ် နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုကို ဆွေးနွေးတယ်လို့ သိရပါတယ်။
သူဟာ မြန်မာနိုင်ငံကို မလာရောက်ခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားမှာရှိတဲ့ ဘင်္ဂါလီ ဒုက္ခ သည်စခန်းကို သွားရောက်ခဲ့သလို၊ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဘင်္ဂါလီများ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ကြီးကြပ်ခွင့်ပြုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့လည်း The Guardian သတင်းကဆိုပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်ပြီး သူအပါအဝင် လူအများ အပြားက ချစ်ခင်မြတ်နိုးကြကြောင်း၊ အခုအချိန်မှာတော့ ဒီလူတွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြသရမယ်လို့လည်း ဝန်ကြီး ဘောရစ်ဂျွန်ဆင်က သူ့ရဲ့ Facebook မှာ ဆိုပါတယ်။