Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်တပ်များ အင်အားအလုံးအရင်းဖြင့် ပါဝင်
ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ရွှေမြွေဟောက်(Cobra Gold) စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် စစ်သည် ၆၈၀၀ ပါဝင် ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်စစ်သည်အင်အား အရေအတွက်ထက် နှစ်ဆနီးပါး တိုးမြှင့်ထားပြီး၊ စစ်သင်္ဘော ၆ စီး၊ ကုန်းရေ နှစ်ထွေသွားယာဉ် ၃၄စီး၊ လေယာဉ် ၈၆ စီးပါဝင်တယ်လို့လည်း သိရပါ တယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ရက်နေ့က စတင်ခဲ့တဲ့ Cobra Gold စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဘန်ကောက် အခြေစိုက် အမေရိကန် သံရုံး ပြောခွင့်ရ စတိဗ် ကက်စတန်က “ဒီလေ့ကျင့်မှုဟာ အင်ဒို- အာရှ-ပစိဖိတ်ဒေသ တွင်းမှာ အကြီးမားဆုံးနိုင်ငံစုံ စစ်ရေး လေ့ကျင့်မှုပါ”လို့လည်း ပြောဆိုခဲ့ပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ တရုတ်သြဇာကြီးမားတဲ့ ဒေသမှာ အမေရိကန်ရဲ့ စစ်ရေးစွမ်းရည်ကို ပြသတာဖြစ်တယ် လို့လည်း ဆိုပါတယ်။
Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာတပ်မတော်အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ကာ လေ့လာ သူ အဖြစ် ပါဝင်ခဲ့ ပေမယ့်၊ ယခုနှစ်မှာတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး လူမျိုးသုတ်သင်သည် ဆိုတဲ့ စွပ်စွဲချက်များကြောင့် အငြင်းပွား မှုများ ရှိခဲ့သော်လည်း ထိုင်းနိုင်ငံကတော့ မြန်မာတပ်မတော်ကို ဖိတ်ကြားခဲ့ပါတယ်။
အမေရိကန်သံရုံး ပြောခွင့်ရ စတိဗ် ကက်စတန်ကတော့ မြန်မာ့တပ်မတော်မှ စစ်ဗိုလ်ချုပ်တဦး ဖွင့်ပွဲအခမ်းအနားမှာ တက်ရောက်ပေမယ့် စစ်ရေးလေ့ကျင့်မှုမှာ မပါဝင်ကြောင်း အတည်ပြုပြော ပါတယ်။
Cobra Gold စစ်ဆင်ရေးကို ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တာဟာ ၁၉၈၂ ခုနှစ်ကတည်းက ဖြစ်ပြီး၊ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်မှာ စတင်ကာ လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် ပတ်သက်သည့် လေ့ကျင့်မှု အပိုင်းကို ဗိုလ်ချုပ် ရာထူး အဆင့်ရှိ စစ်ဘက် အရာရှိနှစ်ဦးတို့စေလွှတ်လေ့လာခွင့်ရခဲ့တာဖြစ်ပါတယ်။
ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို နိုင်ငံပေါင်း ၂၉နိုင်ငံနိုင်ငံပေါင်းစုံမှ စစ်သည်အင်အား ၁၁၀၇၅ ပါဝင်ခဲ့ပါတယ်။