ရိုဟင်ဂျာခေါ် ဘင်္ဂါလီများကို သုတ်သင်သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို အီးယူခေါ် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူရန် စတင်ပြင်ဆင်မည်ဖြစ်ပြီး ပိတ်ဆို့မည့်သူ အမည်စာရင်းကို လာမည့်ရက်သတ္တပတ်၌ အီးယူ၏နိုင်ငံခြားမူဝါဒအကြီးအကဲအား ခေါ်ယူ၍ စနစ်တကျရေးဆွဲမည်ဖြစ်ကြောင်း သံတမန်နှစ်ဦးက ပြောကြားကြောင်း ရိုက်တာသတင်းတပုဒ်က ဆိုသည်။
ရခိုင်ပြည် မြောက်ပိုင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် မြန်မာ့တပ်မတော်အပေါ် မည်သည့်ခရီးသွားလာမှုမဆို တားမြစ်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်းဖြင့် အပြင်းထန်ဆုံး အရေးယူနိုင်ဖွယ် ရှိကြောင်း သိရသည်။ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အလားတူ ပိတ်ဆို့ခဲ့ပြီးဖြစ်သည်။
အီးယူအဖွဲ့ဝင်နိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီးများသည် အီးယူနိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဖီဒါရီကာ မော်ဂါရီနီနှင့် အီးယူနိုင်ငံခြားရေးဌာန(EEAS) တို့ကို တနင်္လာနေ့တွင် ခေါ်ယူ၍ အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှုအကြောင်း မေးမြန်းလိမ့်မည်ဟုလည်း သိရသည်။
တနင်္လာနေ့တွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများ ပုံမှန်တွေ့ဆုံမှု၌ ကြေညာချက်တစောင် ထွက်ပေါ်လာမည်ဟု ခန့်မှန်းရပြီး မြန်မာနိုင်ငံတွင် လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ဒီဇင်ဘာလ ၁၂ ရက်က ဖမ်းဆီးခံရသည့် ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရေးကိစ္စလည်း ထပ်မံတောင်းဆိုမည်ဟု မျှော်လင့်ရသည်။
အီးယူအနေဖြင့် မည်သည့် စစ်ဗိုလ်ချုပ်ကြီးကို စာရင်းသွင်းမည်ကို မသိရှိရသေးပါ။ သို့သော် ရခိုင်အကျပ်အတည်းကို အဓိက ကိုင်တွယ်သူ အနောက်ပိုင်းတိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို ပိတ်ဆို့အရေးယူကြောင်း ဒီဇင်ဘာလက အမေရိကန်ဘက်မှ ကြေညာခဲ့သည်။
အီးယူပိတ်ဆို့ဒဏ်ခတ်မှုစာရင်းသည် တခါတရံ ဝါရှင်တန်၏ ပိတ်ဆို့ဒဏ်ခတ်မှုနှင့် နှီးနွယ်လျက်ရှိသည်။