မြန်မာနယ်ခြားစောင့်တပ် နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)နှင့် တို့သည် နှစ်နိုင်ငံနယ်စပ် တွင် ပူးတွဲ ကင်းလှည့်ခဲ့ကြောင်းသိရသည်။
အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များသည့် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဘန်ဒါဗန်ရှိ ဂမ်ဒမ်မှ ရခိုင်ပြည်နယ် တမ်ဘရူ အထိ ပူးတွဲကင်းလှည့်ခဲ့ကြောင်း BGB တပ်ရင်း ၃၄ ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မွန်ဇာရူ ဟက်ဆန် ခန်၏ ပြောကြားချက်ကို ကိုးကားပြီး Dhaka Tribune သတင်းကဆိုသည်။
ကင်းလှည့်ရာတွင် မြန်မာနယ်ခြားစောင့်တပ်မှ ၁၇ဦး နှင့် BGB မှ ၁၅ ဦးတို့သည် ဂမ်ဒမ် နယ်ခြား စောင့် စခန်းအနီး ချစ်ကြည်ရေးတံတားမှ စတင်ကာ တမ်ဘရူ နယ်ခြားစောင့်စခန်း အနီးအထိ ကင်းလှည့်ခဲ့သည်။
မတ်လ ၆ ရက်နေ့ကလည်း နှစ်နိုင်ငံနယ်ခြားစောင့်တပ်များသည် နယ်စပ်တွင်မလိုလားအပ်သော ဖြစ်ရပ်များကို တားဆီး ရန် နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်တွင် ဘင်္ဂါလီ ၅ထောင်ခန့် ခိုကပ်နေထိုင်သဖြင့် မြန်မာဘက်က စစ်အင်အား တိုးမြှင့်ချထား ခဲ့ရာ နှစ်ဘက်တင်းမာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း တပ်ဖွဲ့ ၂ခုအကြား အလံတင် အစည်းအဝေး ကျင်းပပြီးနောက်မှာ ယခုကဲ့သို့ နှစ်ဘက် ပူးတွဲကင်းလှည့်ခဲ့ခြင်း ဖြစ်သည်။