သတင်းတို

ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်

အချိန်၏ သမိုင်းအကျဉ်း အပါအဝင် သိပ္ပံသီအိုရီများစွာ သုတေသနပြုရေးသားခဲ့သူ ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း သည် အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့မှာပဲ ကျနော်တို့ရဲ့ ချစ်လှစွာသော ဖခင် ကွယ်လွန်သွားတာကြောင့် ကြေကွဲဝမ်းနည်းရပါတယ်။ သူဟာ တကယ့် ကြီးမြတ်တဲ့ သိပ္ပံပညာရှင်တဦး၊ ပြီးတော့ သာမာန်ထက် အရမ်းထူးခြားတဲ့သူ၊ သူ့ရဲ့ သုတေသနပြု လုပ်ဆောင်ချက်တွေနဲ့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက ကမ္ဘာပေါ်မှာ ရှင်ကျန်နေဦးမှာပါ” ဟု ဟော့ကင်း၏ သားသမီးများ ဖြစ်ကြသည့် လူစီ၊ ရောဘတ်နှင့် တင်မ် တို့က ပြောသည်။

စကြဝဠာရူပဗေဒ ဆိုင်ရာ သုတေသန၊ သင်္ချာနှင့် အတွေးခေါ်ပညာရှင် တဦး ဖြစ်သည့် ဟော့ကင်းသည် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာကို သူ့ အသက် ၂၁ နှစ် အရွယ်ကတည်းက စတင်ခံစားနေခဲ့ရသည်။ သို့ရာတွင် သူ၏ ရောဂါဝေဒနာကို တွန်းလှန်ကာ စကြဝဠာရူပဗေဒဆိုင်ရာ သီအိုရီများ၊ “အချိန်၏ သမိုင်း အကျဉ်း” အပါအဝင် ထင်ရှားသည့် သိပ္ပံပညာဆိုင်ရာ တွေ့ရှိချက်၊ မှန်းဆချက် စာတမ်းများ ရေးသားခဲ့သည်။

Loading