မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မဲပေးရွေးချယ်ခဲ့ရာမှာပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးဝင်းမြင့်က ဆန္ဒမဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိသွားသည်။
ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဦးဝင်းမြင့်၊ ဒုသမ္မတ (၁) ဦးမြင့်ဆွေ၊ ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တို့သုံးဦးကို လျှို့ဝှက်မဲပေး၍ ရွေးချယ်ခဲ့ကြရာတွင် ဦးဝင်းမြင့် က မဲများစုအသာဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်း က “ထောက်ခံဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်း ကြေညာပါတယ်။ ဆက်လက်ပြီး ထောက်ခံဆန္ဒမဲ ဒုတိယ အများဆုံးရရှိတဲ့ ဦးမြင့်ဆွေနဲ့ တတိယ အများဆုံး ရရှိတဲ့ ဦးဟင်နရီဗန်ထီးယူ တို့ကို ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြောက်ကြောင်း ကြေညာပါတယ်” ဟု ကြေညာသွားသည်။
ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ဆန္ဒမဲပေးခွင့်ရှိသူ ကိုယ်စားလှယ်ပေါင်း ၆၃၆ ဦး ရှိရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များက ထက်ဝက်ကျော်ရှိနေပြီး မဲပေးရွေးချယ်ရာတွင် ဦးဝင်းမြင့် က ၄၀၃ မဲ၊ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ က ၂၂၁ မဲ၊ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ၁၈ မဲနှင့် ပယ်မဲ ၄ မဲဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် မတ်လထဲက ကျင်းပခဲ့သော သမ္မတ ရွေးချယ်ပွဲတွင် ဦးထင်ကျော်က မဲအရေအတွက် ၃၆ဝ၊ ဦးမြင့်ဆွေက ၂၁၃၊ ဦးဟင်နရီဗန်ထီးယူက ၇၉ ရရှိကြသည်။ ထိုမှတ်တမ်းများအရ ဦးဝင်းမြင့်သည် သမ္မတဟောင်း ဦးထင်ကျော်ထက် ထောက်ခံမဲ အရေအတွက် ပိုများသည်ကို တွေ့ရသည်။