ထိုင်းနိုင်ငံ တပ်ခ်ခရိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာတဲ့ ဘတ်စ်ကား တစီးယနေ့နံနက်ပိုင်းက မီးလောင်ရာ ၂၁ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်း တွေကဆိုပါတယ်။
ကားမီးလောင်မှုဟာ မဲ့သာမြို့နယ်ရှိ တက်ဆင်မဟာရက် အမျိုးသားဥယျာဉ်နားမှာဖြစ်ပြီး၊ ကားပေါ် မှာ မြန်မာ အလုပ်သမား ၄၈ ဦးလိုက်ပါလာကာ မဲဆောက်မြို့ကနေ အလုပ်လုပ်ကိုင်ခွင့် (Work Permit ) ပြုလုပ်ပြီး ဘတ်စ်ကား စင်းလုံးငှားကာ ပထုံဌာနီမှာ ရှိတဲ့ နာဗာနခွန် စက်မှုဇုန်ကို ပြန်လာတာဖြစ်တယ် လို့ သိရပါတယ်။
ကျန် မြန်မာအလုပ်သမား ၂၇ဦးကတော့ မီးလောင်ကျွမ်းမှုမှ လွတ်မြောက်ပြီး ဒဏ်ရာရှိလို့ ဆေးရုံတင် ထားရကြောင်း၊ လတ်တလော အခြေအနေ မသိရသေးကြောင်း ဆိုပါတယ်။
မီးလောင်မှုဟာ ကြီးမားတဲ့အတွက် သေဆုံးသူူများရဲ့ ရုပ်အလောင်းကို ကျား၊ မ ခွဲခြားဖို့ မလွယ်ကူ သေးကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။
ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ဖေဖော်ဝါရီ ၅ရက်နေ့မှ မတ်လ ၃၁ရက်နေ့အတွင်း အပြီးအစီး CI ကတ်များ ပြုလုပ်ရမည်ဟု အမိန့်ထုတ်သည့်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား များ ဟာ လမ်းဘေးတွင် ညအိပ်ညနေ စောင့်ဆိုင်းကာ အခက်အခဲများရင်ဆိုင်လုပ်ကိုင်နေရသလို ယခု ကားမီးလောင်တဲ့ အဖြစ်အပျက်ဟာ အဆိုးရွားဆုံးဖြစ်ရပ်တခုဖြစ်ခဲ့ပါတယ်။