ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းက ပျက်ကျခဲ့သည့် F 7 လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းမှာ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံးသို့ တင်ပို့ကုသစဉ် ကွယ်လွန်သွားပြီးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။
“လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် အရေးပေါ်လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့ပြီး အသေးစိတ် အခြေအနေများအား ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း” တပ်မတော် ကာကွယ်ရေးဦးစီးချုုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။
ဗိုလ်မှူးအာကာဝင်းသည် တောင်ငူလေတပ်စခန်းဌာနချုပ်မှ ဖြစ်ပြီး ယနေ့မနက်ပိုင်းက F7 လေယာဉ်ဖြင့် လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေစဉ် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်နှင့် အမြင့် မီတာ ၅၀၀ ခန့်အရောက်တွင် စက်ချို့ယွင်းမှုဖြစ်ကာ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျရာနေရာသို့ တောင်ငူလေတပ်စခန်းဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျ ပျက်စီးသွား ခဲ့သော လေယာဉ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလထဲတွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့အခြေစိုက် ပုသိမ် လေတပ်စခန်း ဌာနချုပ်မှ G-4 ဂျက် တိုက်လေယာဉ် တစင်း လေ့ကျင့်ပျံသန်းရင်း ရခိုင်ပြည်နယ် ဂွမြို့၏တောင်ဘက် ၁၂ မိုင်အကွာနေရာတွင် ပျက်ကျခဲ့သည်။
အဆိုပါ တိုက်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူး၂ ဦးဖြစ်သော ဗိုလ်မှူး ကောင်းထိုက်နှင့် ဗိုလ်ကြီး သော်ဇင်စိုး တို့မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရကြောင်း တပ်မတော်ဆေးအဖွဲ့က နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – တောင်ငူမြို့အနီး F 7 လေ့ကျင့်ရေး တိုက်လေယာဉ်ပျက်ကျ
တပ်မတော် G-4 လေယာဉ်မှူး ၂ ဦး ကျဆုံးကြောင်း အတည်ပြု