မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ကျောက်ချောကျေးရွာ ရဲရွာ ရေအားလျှပ်စစ်သွား ကားလမ်း မိုင်တိုင် အမှတ် ၉/၀ တွင် နိုင်ငံခြားသား တဦး ဆိုင်ကယ် တိမ်းမှောက်၍ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံခြားသား တဦး ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တယ်လို့ သတင်းကြားတာနဲ့ ကျနော်တို့ အခင်းဖြစ်နေရာကို ချက်ချင်း သွားပြီး လိုအပ်တာတွေကို ကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ ပတ်ဝန်းကျင် ပြောစကားအရ သူ့ဘာသာ တယောက်တည်း ဆိုင်ကယ်မောင်းလာပြီး အရှိန် မထိန်းနိုင်ဘဲ လဲသွားတာလို့ သိရပါတယ်”ဟု ပုသိမ်ကြီးမြို့နယ် ယဉ်ထိန်းတပ်ဖွဲ့စု ၈၆ မှ ရဲအုပ် အောင်ကျော်မိုးက ပြောသည်။
အဆိုပါ နိုင်ငံခြားသားသည် ဒိန်းမတ် နိုင်ငံသားဖြစ်သူ အသက် ၂၁ အရွယ် Joren Sen (ဘ) Jakob Gron ၊ ပတ်စ်ပို့အမှတ် 208389364 ကိုင်ဆောင်ထားသူဖြစ်ပြီး မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်အတွင်းရှိ Royal Yadanarpon Hotel ၌ တည်းခို နေသူ ဖြစ်ကြောင်း သိရသည်။
Joren sen သည် ဧပြီလ ၄ ရက် နံနက်ပိုင်းက ၎င်းတည်းခိုရာဟိုတယ်မှ လွန်ကောင်း ကျေးရွာအနီးရှိ ၅မိုင် ဆင်စခန်းသို့ ၄၆ယ ၃၅၆၈၁ Scoopyi အမျိုးအစား အနီရောင်ဆိုင်ကယ်ကို ကိုယ်တိုင်မောင်း၍ သွားရောက် လည်ပတ်ခဲ့ရာက အခင်း ဖြစ်နေရာ သို့ အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်တွင် ကန့်လန့်ဖြတ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆိုင်ကယ် တိမ်းမှောက်ရာသို့ ပုသိမ်ကြီးမြို့နယ် ယဉ်ထိန်းတပ်ဖွဲ့စု ၈၆ မှ ရဲအုပ် အောင်ကျော်မိုးနှင့်အဖွဲ့ သွားရောက်၍ လွန်ကောင်း ကျေးရွာ ဒေသခံများနှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် Joren sen သည် ဝဲမျက်ခုံးစွန်း ပေါက်ပြဲ၊ ဝဲဒူး ဝဲတံတောင် ထိခိုက်ပွန်းပဲ့ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လွန်ကောင်း ကျေးရွာ လူမှုကူညီရေးအသင်း ကားဖြင့် မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ပြင်ပ လူနာကု ဌာနတွင် ဆေးကုသလျက် ရှိကြောင်း ဆိုသည်။
ဆိုင်ကယ်တိမ်းမှောမှုဖြစ်ပွားခဲ့သည့် ဒိန်းမတ်နိုင်ငံသား Joren sen သည် ၂၀၁၈ ခုနှစ် ဧပြီ ၁ရက်နေ့မှ မေ ၃၀ရက်အထိ ဗီဇာ သက်တမ်း ရှိသူဖြစ်ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ်မင်းအောင် က လိုအပ်သော ရဲလုပ်ငန်းများ စိစစ် ဆောင်ရွက် လျက် ရှိသည်ဟု သိရသည်။