ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဒေသခံဖြစ်သည့် DVB သတင်းဋ္ဌာနမှ အလွတ်သတင်းထောက် ကိုဝဏ္ဍထွန်းအား လက်ပံတန်းမြို့နယ် ရေငန်အုပ်စုအုပ်ချုပ်ရေးမှူးမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည့် အမှုအား ကျေအေးရုပ်သိမ်းပေးခဲ့သဖြင့် လက်ပံတန်းမြို့နယ်တရားရုံးမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများအား ရှိနေသည့် လယ်မြေဧကများထက် ပိုမိုထုတ်ယူနေကြောင်း တောင်သူတချို့၏ သတင်းပေးမှုအပေါ် ကိုဝဏ္ဍထွန်းမှ သတင်းထုတ်ဖော်ရေးသားခဲ့ရာ စွပ်စွဲခံရသူ ရေငန်အုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများကို မေးမြန်းရိုက်ကူးထားသည့် ရုပ်သံဖိုင်အား နစ်နာသူ တောင်သူများမှ လာရောက်တောင်းယူ၍ တောင်သူများမှ ၎င်းတို့၏ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့သည့်အတွက် သတင်းရိုက်ကူးသူ ကိုဝဏ္ဍထွန်းအပါအဝင် တောင်သူတဦးတို့အား ရေငန်အုပ်စုအုပ်ချုပ်ရေးမှူးမှ လက်ပံတန်းမြို့မ ရဲစခန်းတွင် ၆၆ (ဃ) ဖြင့် ၂၀၁၆၊ အောက်တိုဘာလက အရေးယူပေးရန်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“ကျနော် တနှစ်ကျော်အတွင်း ရုံးချိန်းပေါင်း ၃၀ ကျော် တက်ခဲ့ရတယ်။ ပထမပိုင်းမှာ ၆၆ (ဃ) နဲ့ အစွဲခံရတယ် နောက်ပိုင်းမှ ဥပဒေအကြံတောင်းက ၆၈(က) ပြောင်းပြီး စွဲခံရတယ်။ သတင်းအလုပ်တွေရော ကျနော်ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်း သတင်းသင်တန်းတွေ မတက်နိုင်ခဲ့ဘူး။ ရက်ရှည်ခရီးထွက်ရမယ့်ဟာမျိုးတွေ မသွားရတော့ လူမှုရေးတွေလည်း ပျက်ကွက်ခဲ့ရတယ်။ အခုတရားလိုက ကျနော်မလုပ်ခဲ့တာကိုသိလို ကျေအေးပေးလို့ လွတ်မြောက်လာခဲ့တာပါ။” ဟု ကိုဝဏ္ဍထွန်းက ပြောသည်။
ကိုဝဏ္ဍထွန်းမှ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက်ရေးသားဖော်ပြခြင်း မဟုတ်သည်အတွက် ပုဒ်မ ၆၆(ဃ) အား ဖြစ်ပေါ်စေရန် ပံ့ပိုးကူညီပေးမှု ၆၈(က) ဖြင့် ၂၀၁၇ ဧပြီလ ၅ ရက်နေ့တွင် ပြောင်းလဲ အမှုဖွင့်ဆိုခဲ့ပြီး အရေးယူပေးရန် အမှုဖွင့်တိုင်ကြားသူ ရေငန်အုပ်စုအုပ်ချုပ်ရေးမှူးမှ ယင်းအမှုနှင့်ပတ်သက်၍ ကိုဝဏ္ဍထွန်းမှာ ပါဝင်ပတ်သက်မှုမရှိသဖြင့် အမှုကျေအေးရုပ်သိမ်း ပေးခဲ့သဖြင့် လက်ပံတန်းမြို့နယ်တရားရုံးမှ ကိုဝဏ္ဍထွန်းအား ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။