ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာတွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါမီးလောင်မှုမှာ ဟိန္ဒူဘာသာဝင် နေအိမ်တစ်လုံးမှစတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင်တော့ မီးသတ်ကားများဖြင့် မီးငြိမ်းသတ်လျက် ရှိကြောင်း မောင်တောမြို့နယ် ခရိုင်အထွေ ထွေအုပ် ချုပ်ရေးဦးစီဌာနမှ ဦးစီအရာရှိ ဦးဇာနည်ထွန်းက ပြောသည်။
ဦးဇာနည်ထွန်း က “ကျနော်တို့ ကနဦး သတင်းအရတော့ ဟိန္ဒူနေ အိမ်တလုံးကနေ စလောင်တယ်လို့ သိရပါတယ်။ ရှို့မီးတော့ မဟုတ်ဘူး။ ပေါ့ဆမီး လောင်မှုဖြစ်တာပါ။ အိမ်တွေက တအိမ်နဲ့ တအိမ် ကပ်ရပ်တွေဖြစ်တော့ အိမ်တွေတော့ တော်တော် ပါသွားတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မီးလောင်မှုသည် ယနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနှစ်ခန့်က စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ညနေ ၂ နာရီကျော် အချိန်တွင် မီးငြိမ်သွားခဲ့ကြောင်းလည်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ပြောသည်။
ယင်း မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာတွင် ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီ စသည့် လူမျိုး ၃ မျိုး အခြေအချနေထိုင်ကြပြီး အရေးအခင်း ကာလလည်း တစုံတရာ ပြဿနာ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ အေးချမ်းစွာ အတူတကွ နေထိုင် ခဲ့ကြသည့် ကျေးရွာတရွာ ဖြစ်ကြောင်း သိရသည်။