အမေရိကန်နှင့် သူ၏နောက်လိုက် ဗြိတိန်၊ ပြင်သစ်တို့က ဆီးရီးယားအစိုးရ၏ မြို့တော် ဒမတ်စကက် ရှိ တပ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်သော်လည်း ရုရှားတို့ အခြေစိုက်ထားသည့် မြေထဲပင်လယ်ကမ်းခြေရှိ ရေတပ်စခန်းနှင့် အရှေ့တောင်ဘက်ရှိ Khmeimim တို့တွင် ဖြန့်ချထားသည့် လေကြောင်းရန် ကာကွယ်ရေးဇုန်အတွင်းသို့ တစင်းမှ ဝင်ရောက်လာခြင်း မရှိဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသွားသည်။
ပြီးခဲ့သည့် တပတ်က ဆီးရီးယား အစိုးရ၏ Douma မြို့သိမ်းတိုက်ပွဲတွင် ဓာတုလက်နက်များ သုံးခဲ့သည်ဟု အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က စွပ်စွဲကာ ယနေ့ နံနက်စောစောက လေကြောင်း တိုက်ခိုက်မှု စတင်ပြုလုပ်ခြင်းဖြစ်သည်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အမေရိကန်လေတပ်၏ စစ်လေယာဉ်များနှင့် သင်္ဘောများမှ ပြင်သစ်၊ အင်္ဂလိပ်တို့နှင့် ပူးပေါင်းပြီး ဆီးရီးယား အစိုးရ တပ်စခန်းများအပြင် အရပ်သားများအပေါ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကြောင်းလည်း ဖော်ပြထားသည်။
အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီ အန်တိုနော့ဗ်က ဆီးရီးယားကို တိုက်ခိုက်ခြင်းဟာ အကျိုးမဲ့လုပ်ရပ်သာဖြစ်တယ်လို့ သတိပေးလိုက်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ဆီးရီးယားကို အမေရိကန် စတင်တိုက်ပြီ