ထိုင်းနိုင်ငံတဝှမ်း ဆုန်ခရမ်(ခေါ်) သင်္ကြန်ကာလ ၅ရက်အတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၃၀၀၀ ကျော်ဖြစ်ခဲ့ရာ သေဆုံးသူ ဦးရေမှာ ၃၂၃ ဦးရှိပြီး၊ ၃၁၄၀ ဦးမှာ ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း လမ်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဗဟိုက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
ထိုဖြစ်စဉ်မှာ ဧပြီလ ၁၁ရက်နေ့မှ ၁၅ရက်နေ့အတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး၊ တနင်္ဂနွေတနေ့ထဲတွင်ပင် မတော်တဆမှု ၅၅၂ မှုဖြစ်ပွားရာ ၆၉ဦးသေဆုံးပြီး ၅၈၉ဦး ဆေးရုံတင်ထားရကြောင်း သိရသည်။
ယာဉ်မတော်တဆဖြစ်စဉ်များတွင် ၄၂.၀၃ ရာခိုင်နှုန်းသည် အရက်သေစာသောက်စား မောင်းနှင်ခြင်းကြောင့် ဖြစ်ပြိး၊ ၂၅.၇၂ ရာခိုင်နှုန်းမှာ အမြန်မောင်းနှင်၍ ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ် မဆင်မခြင်မောင်းနှင်မှုများက သေဆုံးမှု ကို ပိုမိုမြင့်တက်စေကာ ဖြစ်ပွားမှု အများဆုံးအချိန်များမှာ ညနေ ၄နာရီမှ ည ၈နာရီအတွင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတဝှမ်းရှိ ယာဉ်စစ်ဆေးရေးဂိတ် ၂၀၃၁ ခုတွင် ယာဉ်မဆင်မခြင်မောင်းသူ ၁၇၈၁၉၁ ဦးကို ဖမ်းဆီးမိပြီး၊ ထိုအထဲတွင် ၅၁၄၈၈ ဦးမှာ ဦးထုတ်မဆောင်းသည့် မော်တော်ဆိုင်ကယ်သမားများ ဖြစ်ကြောင်း၊ ၄၆၀၉၄ ဦးမှာ ယာဉ်မောင်းလိုင်စင် လက်ဝယ်မရှိသူများ ဖြစ်ကြောင်း ဆိုသည်။