ဓမ္မတာနှင့် ဆန့်ကျင်သည့် အဓမ္မမှု ပုဒ်မ ၃၇၇ ဖြင့် အမှုဖွှင့်ခံထားရသည့် မယ့်လိမ့်လုံ (သူဌေးမကြီး) ရိုးရာ စားသောက်ဆိုင် ပိုင်ရှင် ကိုအောင်မျိုးထွဋ်၏ အာမခံလျှောက်ထားမှုကို မေလ ၂ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်တရားရုံးမှ သိရသည်။
စားသောက်ဆိုင် ပိုင်ရှင် ကိုအောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ယနေ့(ဧပြီလ ၂၀ ရက်) ရုံးထုတ်ခဲ့ပြီး အဆိုပါ အာမခံ လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး အာမခံပေးသင့်၊ မပေးသင့်ကို နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်သည်။
“၂ရက်နေ့ ရုံးချိန်ကျရင်တော့ သေသေချာချာသိရမှာပေါ့ အာမခံအတွက်ကို အမိန့်ချမှာလေ လောလောဆယ် ကတော့ ဒီနေ့လျှောက်လဲချက်ပဲ တင်တော့ ဘာမှ မသိရသေးဘူးပေါ့နော် ”ဟု ကိုအောင်မျိုးထွဋ် ရှေ့နေ ဒေါ်အိနန္ဒာလင်းက ပြောသည်။
အဆိုပါ ရုံးချိန်းသို့ တရားလိုအား ဆင့်ခေါ်ခဲ့သော်လည်း ခရီးလွန်နေသောကြောင့် လာရောက်ခြင်းမရှိကြောင်း သိရသည်။
ကိုအောင်မျိုးထွဋ် အနေဖြင့် ၎င်းပိုင်ဆိုင်သည့် စားသောက်ဆိုင်မှ အသက် ၂၂ နှစ်အရွှယ် ဝန်ထမ်းအမျိုးသားအား ဓမ္မတာနှင့် ဆန့်ကျင်သည့် လိင်တူကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲတိုင်ကြားခံရကာ မတ်လ ၉ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိဆန္ဒအလျောက် ဓမ္မတာနှင့်ဆန့်ကျင့်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။