အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့အကြား တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတရပ်ကို ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်တွင် ၂ ရက်အကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
KNPP က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ (PNC) နှင့် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့မှ ကိုယ်စားလှယ်များ အကြား လွိုင်ကော်မြို့ပေါ်ရှိ ပြည်နယ် ခန်းမတွင် ဧပြီ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
KNPP ကတော့ ထိုဆွေးနွေးပွဲတွင် ယခင်က ၎င်းတို့နှင့် အစိုးရအကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
KNPP သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ သဘောတူညီမှုများ ရရှိထားသည်။ သို့သော်လည်း ထိုသဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ယခုဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်၊ ဒေသအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ လေ့လာရေးအဖွဲ့ကိစ္စများ၊ လူမှုကူညီထောက်ပံ့မှုကိစ္စများ၊ ပြည်နယ်အတွင်း INGO နှင့် NGO များ၏ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှု ကိစ္စများ၊ ပြည်နယ်နှင့် ပြည်ထောင်စု များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည် ထားရှိရေးကိစ္စများနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ KNPP ၏ ဖိတ်ကြားချက် အရ အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒေသခံနိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ အပါအဝင် ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
KNPP သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်သည်။ UNFC အဖွဲ့ဝင် အဖွဲ့အစည်း ၂ ဖွဲ့ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကတော့ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သည်။
KNPP သည် တပ်မတော် အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် ညှိနှိုင်းနေဆဲဖြစ်သည်။