ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံကို နေပြည်တော်ရှိ ပါတီဌာန ချူပ်တွင် လူငယ် ၁၅၀၀ ခန့်နှင့် လာမည့် မေလအကုန်တွင် ကျင်းပသွားမည်ဟု သတင်းရရှိသည်။
USDP ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က “ကျနော်တို့ ပါတီမှာလူငယ်အင်အား ၂ သန်းကျော်လောက် ရှိတယ်။ ဒါပေမယ့် ဗဟိုမှာကျင်းပမယ့် လူငယ်ညီလာခံကတေ့ာလူငယ် ၁၅၀၀ လောက်နဲ့ပဲလုပ်မယ်။ ခန်းမရဲ့ အကျယ် အဝန်းကြောင့်” ဟု ဧရာဝတီသို့ ပြောသည်။
လူငယ်ညီလာခံ အကြိုတွေ့ဆုံပွဲများကို မြို့နယ်၊ တိုင်းနှင့် ပြည်နယ် အလိုက်တွင် လူငယ်များတွေ့ဆုံကြပြီး တိုင်းနှင့် ပြည်နယ်အလိုက် ကိုယ်စားလှယ်များ ရွေးချယ်ကြပြီးစာတမ်းပြုစုခြင်းများ ဆောင်ရွက်လျှက်ရှိသည်။
“ကျနော်တို့ ပါတီ နိုင်ငံတော် အပေါ်ကို စဉ်ဆက်မပြတ် ပါတီအနေနဲ့ ရှင်သန်နေဖို့ လိုတယ်၊ မိမိပါတီ မိမိတိုင်းပြည်ကို မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ ဒီထက်ပိုပြီးတေ့ာ တိုးတက်အောင် လူငယ်တွေရဲ့ အင်အားဟာအန်မတန်မှု အရေးကြီး ပါတယ်” ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
နောင်တချိန်တွင် ပါတီ၏ တာဝန်များအား ပခုံးပြောင်းယူမည့် လူငယ်များသည် တိုင်းချစ် ပြည်ချစ်စိတ်၊ ပရဟိတစိတ် ရှိရမည် ဖြစ်သဖြင့်၊ လူငယ်များတွင်လည်း ကိုယ်ပိုင် အရည်အချင်းများ ရှိသဖြင့် အရည်အသွေးပြည့်ဝပြီး ထက်မြတ်သည့် လူငယ်များ ဖြစ်လာစေရန်အတွက် အခွင့်အလမ်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။
၁၉၉၃ ခုနှစ်က လူမှုရေးအသင်းအဖြစ်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၃ ခုနှစ်တွင် ပထမဆုံးဗဟိုလူငယ် ညီလာခံအဖြစ် ကျင်းပခဲ့ပြီး ယခုအကြိမ်ကျင်းပမည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။