သတင်းတို

မယ့်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်၏ အာမခံလျှောက်ထားမှု ပယ်ချခံရ

ဓမ္မတာနှင့် ဆန့်ကျင်သည့် အဓမ္မမှု ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ခံထားရသော မယ့်လိမ့်လုံ (သူဌေးမကြီး) ရိုးရာ စားသောက် ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်၏ အာမခံလျှောက်ထားမှု ပယ်ချခံရကြောင်း သိရသည်။

စားသောက်ဆိုင်ပိုင်ရှင် အက်ဒီ (ခေါ်) ကိုအောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်ခဲ့ပြီး နောက် ၎င်း၏ အာမခံလျှောက်ထားမှုကို တရားသူကြီးက ပယ်ချခဲ့ခြင်းဖြစ်သည်။

“အာမခံပယ်တယ်လို့ အမိန့်ချပါတယ်” ဟု တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ)မှ တရားလွှတ်တော်ရှေ့နေတဦးက ဧရာဝတီကို ပြောသည်။

အက်ဒီသည် ART ဆေး သောက်နေရသည်ဆိုကာ အာမခံလျှောက်ထားခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏အမှုသည် အာမခံ ပေး၍ မရသည့်အမှု ဖြစ်သည်ကတကြောင်း၊ ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်၍ရသည့် ပုဒ်မဖြစ်သည်က တကြောင်းကြောင့် တရားရုံးက အက်ဒီ၏လျှောက်ထားမှုကို ပယ်ချခြင်းဖြစ်ကြောင်း အဆိုပါရှေ့နေက ရှင်းပြသည်။

အက်ဒီ (ခေါ်) ကိုအောင်မျိုးထွဋ်သည် နိုင်ငံတကာ HIV/AIDS နှင့်ပတ်သက်သည့် NGO အဖွဲ့အစည်းများတွင် လုပ်ကိုင် ဆောင်ရွက်ခဲ့သူဖြစ်သည့်အပြင် ၎င်းကိုယ်တိုင်လည်း HIV ဝေဒနာရှင်တဦးဖြစ်ကြောင်း အမှုမှတရားလိုများနှင့် ၎င်းနှင့်ရင်း နှီးသည့် မိတ်ဆွေများက ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုထားသည်။

ကိုအောင်မျိုးထွဋ်အနေဖြင့် ၎င်းပိုင်ဆိုင်သည့် စားသောက်ဆိုင်မှ အသက် ၂၂ နှစ်အရွယ် ဝန်ထမ်းအမျိုးသားအား ဓမ္မတာ နှင့် ဆန့်ကျင်သည့် လိင်တူကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲတိုင်ကြားခံရကာ ၂၀၁၈ မတ်လ ၉ ရက်နေ့က ဖမ်း ဆီး ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

နောက်လာမည့်ရုံးချိန်းကို မေလ ၁၆ ရက်၊ နံနက် ၁၁ နာရီသို့ ထပ်မံချိန်းဆိုလိုက်ပြီး ယင်းနေ့၌ တရားလိုနှင့် သက်သေ တယောက်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Loading