ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လွန်ခဲ့သည့် ၁ နှစ်ခွဲခန့်က ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းကျူးလွန်ပြီး လူသတ်မှုပါ ကျူးလွန်ခဲ့သူကို အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအမှုဖြစ်စဉ်သည် ၂၀၁၆ နိုဝင်ဘာ ၂၄ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ တရားခံမှာ တောင်းရမ်း စားသောက်နေသည့် ကျော်အောင် (ခ) ကျော်ကြီး (ခ) ပြာကလောင် ဖြစ်ပြီး သေဆုံးသူ မိန်းကလေးမိခင်၏ ညီမဖြစ်သူ၏ ခင်ပွန်းဟောင်း ဖြစ်သည်။
ရဲမှတ်တမ်းအရ သေဆုံးသူ မိန်းကလေးငယ်သည် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေး အောက်ထိပ်နေ မဝင်းဝင်းအေး (၁၀) နှစ် ဖြစ်ပြီး ယင်း၏မိခင် မဌေးနှင့်အတူ လှည်းတန်း ဂုံးကျော်တံတား အောက်တွင် ပန်းရောင်းသည့် အလုပ်လုပ်ကိုင် ကြောင်းသိရသည်။
ယခုနှစ် မတ်လ ၂၃ ရက်နေ့ကလည်း ပြင်ဦးလွင်ခရိုင်တရားရုံးက မတ္တရာမြို့နယ်တွင် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး သက်ငယ်မုဒိမ်းမှုနှင့် တရားစွဲခံထားရသူကို အသက် မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – ကမာရွတ်မြို့နယ်က ကလေးသေဆုံးမှု သံသယ တရားခံကို ရဲရှာဖွေနေ