ရှမ်းပြည်နယ် မြောက်ပိုင်း နယ်စပ် စီးပွားရေးမြို့ဖြစ်သည့် မူဆယ်မြို့အနီး ဖြစ်ပွားခဲ့သည့် တိုက်ခိုက် မှုနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြစ်တင်ရှုတ်ချလိုက်ပြီး အပြစ်မဲ့ အရပ်သားများ သေဆုံးရသည့် အတွက် စိတ်နာဝမ်းနည်းကြောင်း ကြေညာချက်ထုတ် ပြန်လိုက်သည်။
ယမန်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်က မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်-နမ့်ခမ်းမြို့ ကားလမ်းမရှိ ပန်ခမ်း တံတားအနီး၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာထိပ် နှင့် မူဆယ်-လားရှိုးမြို့ ကားလမ်းမပေါ်ရှိ နမ့်ပေါ်တံတား အနီးရှိ တပ်မတော်နှင့် ပြည်သူ့စစ်စခန်းများကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်။
TNLA၏ တိုက်ခိုက်မှုတွင် သေဆုံးသူ ၁၉ဦးရှိပြီး၊ ရဲအရာရှိတဦးနှင့် ပြည်သူ့စစ် ၃ဦးအပါအဝင် အရပ်သား ၁၅ ဦးသေဆုံးခဲ့ သည်။
ထို့အပြင် တရုတ်နိုင်ငံဘက်သို့လည်း ကျည်များ ကျရောက်ခဲ့ကြောင်း၊ တရုတ်- မြန်မာနယ်စပ်ရှိ အရပ်သားများ၏ အသက် အိုးအိမ် စည်းစိမ် စောင့်ရှောက်ရန်၊ စစ်ရေးပဋိပက္ခ ကြီးမားလာမှုကို ရှောင်းရှားရန်၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန်လည်း တောင်းဆိုလိုက်သည်။