တရုတ် နိုင်ငံသား ၃ ဦး သေဆုံးသွားခဲ့သော မြန်မာ နယ်စပ်တိုက်ပွဲများအား အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် လက်နက်ကိုင်အဖွဲ့များ အားလုံး မိမိကိုယ်ကိုယ် ထိန်းချုပ်ရန် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြသည်။
ရော့ကတ် ၃ လုံးနှင့် ကျည်ဆံအများအပြား တရုတ်နယ်မြေတွင်း ကျခဲ့ကြောင်း သောကြာနေ့ ညပိုင်းက ဝေဘောင်း ဆိုရှယ်မီဒီယာပေါ် တင်လာသည့် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်က ဖော်ပြသည်။
မြန်မာ နယ်စပ်တွင် ဖြစ်နေသော တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်နေပြီး တရုတ်-မြန်မာ နယ်စပ်ရှိ လုံခြုံရေး အစီအမံများနှင့် ကင်းလှည့်စစ်ဆေးခြင်းများကို တိုးမြှင့်ထားကြောင်းလည်း ထုတ်ပြန်ကြေညာသည်။
မေလ ၁၂ ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်က မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်-နမ့်ခမ်းမြို့ ကားလမ်းမရှိ ပန်ခမ်း တံတားအနီး၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာထိပ် နှင့် မူဆယ်-လားရှိုးမြို့ ကားလမ်းမပေါ်ရှိ နမ့်ပေါ်တံတား အနီးရှိ တပ်မတော်နှင့် ပြည်သူ့စစ်စခန်းများကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်။
TNLA၏ တိုက်ခိုက်မှုတွင် သေဆုံးသူ ၁၉ ဦးရှိပြီး၊ ရဲအရာရှိတဦးနှင့် ပြည်သူ့စစ် ၃ဦးအပါအဝင် အရပ်သား ၁၅ ဦးသေဆုံးခဲ့သည်။