ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့တွင် မေလ ၁၅ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဆုတောင်းလမ်းလျှောက်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားလူငယ် ၃ ဦးကို မေလ ၂၁ ရက်နေ့က နတ်တလင်းမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့ သကျမဟာမုနိဘုရားကြီးတွင် လွန်ခဲ့သည့် မေလ ၁၅ ရက်နေ့က ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများရပ်ရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပြီး လမ်းလျှောက်စဉ် လူငယ် ၁၄ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့အထဲမှ ၃ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။
“ကချင်ပြည်နယ်က ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့နဲ့ စစ်ပွဲတွေရပ်တန့်ဖို့ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုတာကို မတရားသဖြင့် ဖမ်းဆီးတဲ့အတွက် ကျနော်တို့ မူတွေအတိုင်း ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်။”ဟု ဖမ်းဆီးအရေးယူခံခဲ့ရသည့် နတ်တလင်းမြို့ ဗမာ့လွတ်မြောက်ရေး လူငယ်ကွန်ကရက် (BULC) ဥက္ကဋ္ဌ ကိုပိုင်ငြိမ်းဝေက ပြောသည်။
အဆိုပါနေ့က ဖမ်းဆီးခံရသည့် ကျောင်းသားလူငယ် ၁၄ ဦးမှာ နတ်တလင်းမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ(အ.က.သ) ၊ နတ်တလင်းမြို့ ဗမာ့လွတ်မြောက်ရေး လူငယ်ကွန်ကရက် (BULC) ကျောင်းသားလူငယ်များနှင့် ပြင်ပမှအခြားလူငယ်တဦးတို့ ပါဝင်ပြီး အမှုဖွင့် အရေးယူခံရသူများမှာ နတ်တလင်းမြို့နယ် အ.က.သ ဥက္ကဋ္ဌ ကိုရီဝေယံ၊ BULC ဥက္ကဋ္ဌ ပိုင်ငြိမ်းဝေနှင့် BULC လူငယ်ရေးရာတာဝန်ခံ ကိုဆောင်းဦးသွင်တို့ဖြစ်ကြောင်းသိရသည်။
“ကျနော်တို့မှာ အပြစ်မရှိဘူး ကျနော်တို့က ငြိမ်းချမ်းစွာတောင်းဆိုနေတာ တဦးတယောက်ကို တိုက်ခိုက်နေတာမဟုတ်ဘူး။ တတိုင်းပြည်လုံးငြိမ်းချမ်းစေဖို့ ငြိမ်းချမ်းစွာတောင်းဆိုတယ်။ အဲဒီအပေါ်မှာ ဖမ်းဆီးခံရတာတော့ မတရားတဲ့ကိစ္စလို့ပဲ သုံးသပ်တယ်။”ဟု ဖမ်းဆီးခံခဲ့ရသည့် BULC လူငယ်ရေးရာတာဝန်ခံ ကိုဆောင်းဦးသွင်ကပြောသည်။
အမှုအား နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က တရားလိုပြု တရားစွဲဆိုခဲ့ပြီး နတ်တလင်းမြို့နယ် တရားရုံးမှ ပထမဆုံးရုံးထုတ်သည့်နေ့တွင် အဆိုပါ လူငယ် ၃ ဦးအား အာမခံဖြင့်လွှတ်ပေးခဲ့ပြီး လာမည့် ဇွန်လ ၄ ရက်နေ့အား ဒုတိယအကြိမ်ရုံးချိန်းအဖြစ် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။