ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေရာမှ ထွက်ပြေး လွတ်မြောက် လာသည့် ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ ဓါတ်ပုံကို အပန်းဖြေစခန်း ဓာတ်ပုံအဖြစ် မေလ ၂၀ ရက်နေ့ထုတ် သတင်းစာတွင် မှားယွင်းဖော်ပြခဲ့မိသဖြင့် တပ်မတော်ပိုင် မြဝတီသတင်းစာက တောင်းပန်လိုက်သည်။
တောတွင်း ရက်၂၀ ကျော်ကြာ ပိတ်မိနေရာမှ ပြန်လည်လွတ်မြောက်လာသည့် ကချင်ဒုက္ခသည်များ၏ပုံကို “ငွေဆောင်အလှပြ ဆင်စခန်း၌ အပန်းဖြေလာရောက် လည်ပတ်သူများဖြင့် စည်ကား” ဟူ၍ မျက်နှာဖုံး သတင်းဓါတ်ပုံအဖြစ် ပုံနှိပ်၍ မှားယွင်း ဖော်ပြမိခြင်း အပေါ် တောင်းပန်စာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြဝတီ၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာမှတဆင့် “၂၀၁၈ ခုနှစ်၊ မေလ ၂၀ ရက် မြဝတီ နေ့စဉ် သတင်းစာ စာမျက်နှာ (၁) တွင် ဖော်ပြပါရှိသော ငွေဆောင်အလှပြ ဆင်စခန်း၌ အပန်းဖြေ လာရောက် လည်ပတ်သူများဖြင့် စည်ကား သတင်းတွင် သတင်းနှင့် မသက်ဆိုင်သော ဓါတ်ပုံမှားယွင်းဖော်ပြခဲ့သည့်အတွက် မြဝတီ နေ့စဉ် သတင်းစာမှ မူရင်းဓါတ်ပုံပိုင်ရှင်နှင့် စာဖတ်ပရိတ်သတ်အား အနူးအညွတ်တောင်းပန်အပ်ပါသည်” ဟု ဖော်ပြထားသည်။
ထိုသတင်းဓါတ်ပုံသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် ဧပြီလ ၁၁ ရက်မှ မေလ ပထမပတ်ထိ တောအတွင်း ပိတ်မိနေပြီး ထွက်ပြေးလာသည့် စစ်ဘေးရှောင်ဒုက္ခသည်များကို ဆင်ဦးစီးများနှင့် ဆင်များက ကူညီကာ ချောင်းကို ဖြတ်ကူးနေသည့် အချိန်တွင် AFP သတင်းဌာနက ရိုက်ကူးထားသည့် ဓါတ်ပုံ ဖြစ်သည်။