စီမံကိန်းနှင့် ဘဏ္ဘာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် NLD စီးပွားရေးကော်မတီမှ ဦးစိုးဝင်းကို ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ အစီအစဉ်တွင် နိုင်ငံတော်သမ္မတ ထံမှ ပေးပို့ထားသော ပြည်ထောင်စု ဝန်ကြီး ခန့်အပ်တာဝန် ပေးစေရန် လွှတ်တော် သို့တင်ပြခဲ့ခြင်းဖြစ်သည်။
လက်ရှိ လျာထားခြင်းခံရသည့် ဦးစိုးဝင်းသည် အသက် ၈၀ အရွယ်ရှိပြီဖြစ်ပြီး Deloitte Touche Myanmar Vigour Advisory Limited မှ Country Managing Partner ဖြစ်သည်။
သူသည် မြန်မာနိုင်ငံ၏ အခွန်၊ ရင်းနှီးမြှပ်နှံမှုဥပဒေများနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့တွင် အကြံပေးရာ၌ ပြည်တွင်းပြည်ပ ကျွမ်းကျင်အဆင့် နှစ်ပေါင်း ၄၆ နှစ်အတွေ့အကြုံရှိသည်။ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် နိုင်ငံတကာဘဏ်လုပ်ငန်းအတွေ့အကြုံ နှစ် ၃၀ ရှိပြီး စာရင်းစစ်၊ ဥပဒေနှင့်အခွန်အကြံပေးဝန်ဆောင်မှုတို့ကို PricewaterhouseCoopers နှင့် လုပ်ကိုင်ခဲ့ကာ နောက်ပိုင်းတွင် အတိုင်ပင်ခံ (Myanmar Vigour Consultants) အဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း ကိုယ်ရေးအကျဉ်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံအခွန်အကောက်ကိစ္စရပ်များ၊ အထွေထွေစီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုပတ်ဝန်းကျင်တို့နှင့်ပတ်သက်၍ များစွာသောစေ့စပ်ဆွေးနွေးပြောကြားခြင်း(နိုင်ငံအကြီးအကဲများလာရောက်လည်ပတ်ခြင်းကဲ့သို့တင်ဆက်ရခြင်းအပါအဝင်)တို့ကို ဆောင်ရွက်ခဲ့ဖူးသည်။ မြန်မာအခွန်နှင့်ရင်းနှီးမြှပ်နှံမှုဥပဒေနယ်ပယ်၌ နိုင်ငံပေါင်းစုံနှင့်ပြည်တွင်းကော်ပိုရေးရှင်း အဆင့်ဆင့်တို့တွင် အကြံပေးခြင်း တို့နှင့်ဆက်စပ်သည့် ဝန်ဆောင်မှုများကိုလည်း လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ပုုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွတ်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ” ကျမတို့အတူတူတွဲပြီးတော့ အလုပ်လုပ်တဲ့ ကာလအတွင်းမှာ အင်မတန်မှ ရိုးသားတယ်။ လူကြီးလူကောင်းဆန်တယ်။ သူရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း ကျွမ်းကျင်တယ်။ စီမံ/ဘဏ္ဍာ ဝန်ကြီးဖြစ်လာမယ်ဆိုရင် အများကြီးမျှော်လင့်ထားတယ်” ဟု လွှတ်တော်ခတ္တရပ်နားချိန်တွင် မီဒီယာများကိုပြောသည်။
စီမံ/ဘဏ္ဍာ ဝန်ကြီးသစ် ခန့်အပ်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေ အထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက လွှတ်တော်သို့အမည်စာရင်းတင်သွင်းလိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယနေ့ ကြေငြာခဲ့သည်။
စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ စစ်ဆေးစုံစမ်းမှု ကို ခံနေရဆဲဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့က ရာထူးမှ သဘောဆန္ဒအလျောက် နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။