ရခိုင်အရေး သတင်းအမှားများ ထုတ်လွှင့်ခဲ့သည့် Myat Thu Tun အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈(က)ဖြင့် မြောက်ဦးရဲစခန်းတွင် အမှုဖွင့်အရေးယူလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရေးယူခံရသူသည် မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်နေသူ မြတ်သူထွန်း(ခ) ဖိုးသီဟ ဆိုသူဖြစ်ပြီး သတင်း ဌာန အချို့တွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
Facebook စာမျက်နှာတွင် Myat Thu Tun အမည်ဖြင့် ဇွန်လ ၁၁ ရက်နေ့က “Breaking News မောင်တော ည ၁၀:၁၅ အချိန် မောင်တော အနည်းဆုံး ၁၀ ဦးသေဆုံး၊ ကုလား အကြမ်းဖက်သမားများ ကျီးကန်းပြင်အနီး လာရောက် တိုက်ခိုက်သည့်အတွက် အပြန်အလှန်ပစ်ခတ်သံ များဆူညံနေ၊ လတ်တလောသိရှိမှုအရ အနည်းဆုံး ၁၀ ဦးသေဆုံး အကြောင်းစုံထပ်မံ တင်ပြပေးပါမည်” ဟုလည်းကောင်း၊ “မောင်တော အင်းဒင်စခန်းကို အကြမ်းဖက်သမားများ လာရောက်ပစ်ခတ် အနည်းဆုံး ရဲတပ်ဖွဲ့ ၄ ဦး သေဆုံး”ဟုလည်းကောင်း၊ “ရည်းစားနှင့်ရန်ဖြစ်လို့ တင်ချင်တာ တင်တယ်၊အကောင့်ဖျက်တော့မှာမို့ အမှတ်တရပေါ့”ဟုလည်းကောင်း မဟုတ်မမှန်သတင်းများအား ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အများပြည်သူများကြောက်ရွံ့စေရန် ခြောက်လှန့်ခြိမ်းခြောက်ပြီး မမှန်ကန်သည့် သတင်းအချက်အလက် အား မရိုးဖြောင့်သည့်သဘောဖြင့် လူမှုကွန်ရက်တွင်တင်ခဲ့သူ မြတ်သူထွန်း (ခ)ဖိုးသီဟအား မြောက်ဦးမြို့မရဲစခန်း (ပ)၉၂/၂၀၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က)ဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) တွင် မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချိခြင်း(သို့) ပေးဝေခြင်း(သို့) ပါဝင်ဆောင်ရွက်ခြင်းတို့ကို ကျူးလွန်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။