အိမ်အကူ မိန်းကလေး နှစ်ဦးအား ညှင်းပမ်းနှိပ်စက်မှုဖြင့် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံထားရသည့် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်များက ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ထံ ရာဇဝတ် အယူခံပြန်လည် လျှောက်ထားခဲ့ကြောင်း သိရသည်။
၎င်းတို့၏ အယူခံလျှောက်ထားမှုနှင့် ပတ်သက်၍ ဇွန်လ ၁၁ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်တွင် ကြားနာခဲ့ ကြောင်းလည်း အမှုနှင့် နီးစပ်သော ရှေ့နေ တဦး က ပြောသည်။
အနောက်ပိုင်း ခရိုင် တရားရုံးအနေနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များဖြစ်သည့် ဒေါ်တင် သူဇာအား ထောင်ဒဏ် ၁၆ နှစ် ၁ လ၊ မစုမွန်လတ် အား ထောင်ဒဏ် ၁၆ နှစ် ၁ လ၊ ကိုတင်မင်းလတ်အား ထောင်ဒဏ် ၉ နှစ် ၁ လ နှင့် ကိုရာဇာထွန်းအား ထောင်ဒဏ် ၁၃ နှစ် ၁ လစီ ကျခံစေရန် အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။
အမှုတွင် မိသားစုဝင်များနှင့် အတူ တရားရင်ဆိုင်ခဲ့ရသည့် ဦးကိုလတ်နှင့် မသီရိလတ်တို့ကိုမူ အမှုနှင့် သက်ဆိုင်ခြင်း မရှိ ဟု ဆိုကာ အမှုမှ တရားသေ လွှတ်ပေးခဲ့သည်။
ယင်းသို့ အမိန့်ချမှတ်ပြီး တလနီးပါးအကြာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်၌ ထောင်ဒဏ် ၁၆ နှစ် ၁ လချမှတ် ခံထားရ သည့် ဒေါ်တင်သူဇာမှာ အင်းစိန်ထောင်တွင်း ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။