ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေး သို့ တက်ရောက်လာသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်တဦးလည်းဖြစ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ( UWSA) ၏ ဒုဥက္ကဌ ဦးပေါက်ယူယိ ယနေ့ နေ့လည်ပိုင်းတွင် မူးလဲပြီး နေပြည်တော် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည် ။
UWSAမှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက “အပူရှပ်လို့ပါ ။အခုတော့ သက်သာပါပြီ။ဒါပေမယ့် ပင်ပန်းနေတုန်းပါပဲ။ ရာသီဥတုပိုင်းကလည်း ကျနော်တို့ ဝပြည်နယ်နဲ့ ကွာခြားမှုရှိတယ်။ အစားအသောက်ပိုင်းကလည်း နည်းနည်းကွာခြားမှု ရှိလို့ပါ””ဟု ပြောသည်။
ယနေ့ နေ့လည်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံရန် စီစဉ်ထားပြီး ဖြစ်သည်။
ထိုသို့ တွေ့ဆုံမှု မပြုလုပ်ခင် ဦးပေါက်ယူယိ မူးလဲခဲ့သဖြင့် အဆိုပါ အစည်းအဝေးတွင် ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးကျောက်ကော်အန်းက သွားရောက် တွေ့ဆုံခဲ့သည် ။
ဦးပေါက်ယူယိသည် အသက် ၆၅ ကျော် ရှိပြီ ဖြစ်ပြီး ၂၁ရာစုပင်လုံ အစည်းအဝေး မလာခင်ကတည်းက ကျန်းမာရေး အားနည်း နေခြင်း ဖြစ်သည်။ ပင်လုံအစည်းအဝေး တက်ရောက်ရာတွင်လည်း လူငယ် ၂ ဦး တွဲလာပေးသည်ကို တွေ့ရသည်။