သတင်းတို

UWSA ဒု ဥက္ကဋ္ဌ ပေါက်ယူယိ ၏ ကျန်းမာရေး အထူးဂရုစိုက်ထားဟု အစိုးရပြော

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ အထူးဧည့်သည် အဖြစ် တက်ရောက်လာသည့် အသက် ၇၄ နှစ်ရှိ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိသည် ကျန်းမာရေး အခြေအနေ မကောင်းသဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံ နှလုံး အထူးကု ဆောင်သို့ ပို့ဆောင်ထားပြီး မြန်မာအစိုးရက အထူးဂရုစိုက် ကုသ ပေးနေကြောင်း သတင်း ရရှိသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “နှလုံးရောဂါ ကုသဆောင်မှာ ကုသနေတယ်။ အခု ကျနော့်ဆီက ဒေါက်တာ တင်မျိုးဝင်းလည်း အတိုင်ပင်ခံနဲ့ ၇ ဖွဲ့တွေ့ပြီးတာနဲ့ အခုဆေးရုံ သွားနေပြီ။ PC ကလည်း သွားနေပြီ။ ကျန်းမာရေး ဝန်ကြီး ဌာနကိုလည်း ပြောထားတယ်”ဟု ယနေ့ ညနေပိုင်းတွင် သတင်းထောက်များကို ပြောသည်။

အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည့် ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိ သည် မြန်မာအစိုးရ၏ အထူးဧည့်သည်တော်ဖြစ်၍ အထူးဂရုစိုက်ရန် မှာ ကြားထားကြောင်း၊ ၎င်းကို ခုတင် (၁၀၀၀) ဒုတိယ ဆေးရုံအုပ်ကြီး ကိုယ်တိုင် အထူးကု ဆေးရုံကားဖြင့် ခေါ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ သီးသန့် တွေ့ဆုံခဲ့သော် လည်း ဦးပေါက်ယူယိ တက်ရောက်နိုင်ခြင်း မရှိသဖြင့် ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးကျောက်ကော်အန်းက သွားရောက် တွေ့ဆုံခဲ့သည်။

တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဇူလိုင် ၁၁ ရက်မှ စတင်၍ ၁၆ ရက် အထိ နေပြည်တော် တွင် ကျင်းပနေခြင်း ဖြစ်သည်။

Loading