သတင်းတို

မော်လမြိုင်ရှိ အရက်တု ထုတ်လုပ်သည့် အိမ်ကို ရဲတပ်ဖွဲ့ ဝင်ဖမ်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်း ရပ်ကွက်ရှိ အရက်တု ထုတ်လုပ်သည့် နေအိမ်အား ဇူလိုင်လ ၁၄ ရက်က ဝင်ရောက် ဖမ်းဆီရာ အရက်တု ထုတ်လုပ်သည့် ပစ္စည်းများနှင့် အရက်တုများကို ဖမ်းဆီးရမိခဲ့ကြောင်း မော်လမြိုင် မြို့မ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဖက်တန်း ရပ်ကွက်ရှိ ဦးအောင်မင်းဆန်း နေအိမ်၌ အရက်အတုများ ထုတ်လုပ်နေမှုကို ဝင်ရောက် ဖမ်းဆီးရာတွင် Mandalay Rum တံဆိပ်ဖြင့် အရက်ပုလင်း ၂၄ လုံးပါသည့် ပါကင် ၉၀ တို့နှင့် အတူ Army Rum နှင့် Honey Rum တံဆိပ်အတုများ အပါအဝင် အဆိုပါ အရက်အတုများနှင့် အတူ အတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်း ၃၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း မော်လမြိုင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မင်းအောင်က ပြောသည်။

ယင်းသို့ ဖမ်းဆီးရခြင်းမှာ ဇူလိုင် ၁၃ ရက်က မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ မော်သံလမ်း လမ်းမကြီးပွိုင့် အနီးရှိ ဦးကျော်ရွှေ၏ ဈေးဆိုင်မှ Mandalay Rum နှင့် Army Rum အတုများကို ဖမ်းဆီးရမိပြီးနောက် ဖြန့်ဖြူးနေသည့် မော်လမြိုင်မြို့မှ အရက် အတုများ ထုတ်လုပ်နေသည့် နေအိမ်ကို စုံစမ်းသိရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးကျော်ရွှေ၏ ဈေးဆိုင်မှ အရက်တုများကို စက်ရုံထုတ် အရက်များနှင့် နှိုင်းယှဉ် စစ်ဆေးကြည့်ရာ ပုလင်းအဖုံးပေါ်တွင် အခွန် တံဆိပ်ခေါင်းမပါခြင်း၊ ပုလင်းအဖုံး အရောင်မတူခြင်း၊ ပုလင်း အခွံ အရောင်မတူခြင်း၊ တံဆိပ်ပတ် အရောင်မတူခြင်း၊ တံဆိပ်၏ ဘေးတဖက်တချက်တွင် အတောင်ပံခေါ် လျှို့ဝှက်ကုတ် နံပါတ်နှင့် အရက်ပြင်းအားဖော်ပြသည့် တံဆိပ် အသေး များ မပါရှိခြင်း၊ တံဆိပ်ပတ်ပေါ်တွင် ဖော်ပြထားသည့် ပြင်းအား ရာခိုင်နှုန်းမတူခြင်း၊ ပုလင်းပိတ်ထားသော ချိတ်အရောင် မတူခြင်း၊ ထည့်သွင်းထားသော အရက် ပမာဏ ဖော်ပြချက် မတူခြင်း စသည့်တို့ကို တွေ့ရှိခဲ့ရကြောင်း မုဒုံမြို့မရဲစခန်း၏ မှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းအရက်တုများမှာ အရက်ဆီများကို ရေနှင့် ဓာတုဆိုးဆေးများ ရောစပ်၍ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်တွေ့ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် တဦးက ဆိုသည်။

ယင်းသို့ အရက်အတုများ ရောင်းချသည့် မုဒုံမြို့မှ ဦးကျော်ရွှေကို မုဒုံမြို့မ ရဲစခန်းတွင် လိမ်လည်မှုနှင့် ကုန်တံဆိပ်၊ ပစ္စည်း တံဆိပ်နှင့် အခြားတံဆိပ်များ လိမ်လည်မှု ပြုလုပ်ရောင်းချခြင်း ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၈၆ တို့ဖြင့် အမှုဖွင့် ထားပြီး အရက်အတု ထုတ်လုပ်နေသည့် ဦးအောင်မင်းဆန်းကိုလည်း မော်လမြိုင်မြို့မ ရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/ ၄၈၆ တို့ဖြင့် အရေးယူထားကြောင်း သိရသည်။

Loading