ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ် ကျေးရွာ အုပ်စု ခတ္တာကျွန်း ကျေးရွာ၌ ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီ ဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံ၂၈ လုံး ပြိုကျ ပျက်စီး သွား ကြောင်း သတင်း ရရှိသည်။
ထို့ပြင် ကမ်းနားတွင် ရပ်ထားသည့် စက်လှေတစီးလည်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၂၆ စုမှ ၁၁၄ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ရသည့် အတွက် နေအိမ် ပျက်စီးခဲ့ သည့် မိသားစုများကို ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ကာ စောင့်ရှောက်ထားကြောင်း ဖျာပုံမြို့နယ် အမာမြို့နယ် ခွဲ အုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်က ပြောသည်။
“အိမ်ထောင်စုတွေကို စာသင်ကျောင်းတွေနဲ့ ကျေးရွာ ကျန်းမာရေး ဆေးပေးခန်းတွေမှာ နေရာ ပြောင်းရွှေ့ထားပြီး အစား အသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု လောလောဆယ် ပေးထားပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရမှုတော့ မရှိပါဘူး”ဟု ဦးရွှေစိုးဟန်က ဧရာဝတီကို ပြောပြသည်။
ထိုသို့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ခတ္တာကျွန်း ကျေးရွာတွင် လူနေအိမ် ၂၂ လုံး၊ ဈေးဆိုင် ၁ ဆိုင်၊ အလုပ်ရုံ
၃ ရုံ၊ ဆိတ်တင်းကုတ်၂ လုံးနှင့် လိုင်းရေယာဉ်တစီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး အမာမြို့ အမှတ်(၁) ရပ်ကွက် တွင်လည်း နေအိမ် ၂ လုံး ပြိုကျ ပျက်စီးသွားကာ တန်ဖိုးအားဖြင့် ငွေကျပ် ၅၄ သိန်းကျော်ဖိုး ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း အမာမြို့နယ် အုပ်ချုပ် ရေးမှူး ရုံးထံမှ သိရသည်။